ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ( မူတြော်ခရိုင်) ဘားအံ—ဖာပွန် ကားလမ်းမပေါ်မှာ ကေအန်ယူ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ နယ်ခြားစောင့်တပ် (BGF)တို့ မေ ၂၄ ရက် ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဖာပွန်—ကတိုင်တိလမ်းမှာ KNLA တပ်မဟာ ၅ နဲ့ နယ်ခြားစောင့်တပ်တို့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ KNLA တပ်ဖွဲ့ရဲ့ စနိုက်ပါလက်ချက်နဲ့ နယ်ခြားစောင့်တပ်မှူး (စစ်ကြောင်းမှူး) တစ်ဦး ကျဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးမျှ အတည်ပြု ပြောကြားတာ မရှိပါဘူး။
“တိုက်ပွဲဖြစ်တာတော့ ကြားတယ်။ ဒါပေမဲ့ တပ်မှူးကျတယ်ဆိုတာတော့ သေချာမသိဘူး။ ဘာကြောင့်ဆို လမ်းတွေလည်း ပိတ်ထားတော့ သတင်းအဆက်အသွယ်ပြတ်နေတယ်”လို့ ဆိုပါတယ်။
ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်း မတ်လကစတင်ပြီး တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ၊ စစ်ရေးလှုပ်ရှားမှုတွေ၊ လေကြောင်းပစ်ခတ်မှုတွေအပြင် နယ်ခြားစောင့်(BGF) တပ်တွေကပါ ဝင်ရောက်လှုပ်ရှားနေတဲ့အတွက် နေ့စဉ် တိုက်ပွဲ ဖြစ်ပွားနေတာပါ။