Home
မြန်မာသတင်း
အားကောင်းသောမုန်တိုင်းငယ် မြန်မာပြည်ဘက် ဦးတည်မည့်အခြေအနေမရှိသဖြင့် အဝါရောင် အဆင့် သတ်မှတ်
DVB
·
May 24, 2021

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသောမုန်တိုင်းငယ် (Deep Depression) ရဲ့  လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိတဲ့အတွက် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးဇလဌာနက ဒီကနေ့ မေလ ၂၄ ရက် မနက်မှာ ထုတ်ပြန်ပါတယ်။ 

ယနေ့မြန်မာစံတော်ချိန် မနက် ၃ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် (Depression) ဟာ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်ဟာ  မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်မြောက်ဘက် ရေမိုင် ၂၅၀ မိုင်ခန့်၊ ပုသိမ်မြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၂၉၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ် (Paradip)မြို့ရဲ့ အရှေ့တောင်ဘက် ရေမိုင် ၂၉၀ မိုင်ခန့်နဲ့  ဒီဂါ(Digha)မြို့ရဲ့ တောင်- အရှေ့တောင်ဘက် ရေမိုင် ၃၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ခန့်မှန်းထားပါတယ်။

မုန်တိုင်းငယ်ရဲ့ ဗဟိုချက်လေဖိအား ၉၉၆ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ နှုန်း ဖြစ်ပါတယ်။

နောက် ၃၆ နာရီအတွင်းခန့်မှန်းချက် အဆိုပါ အားကောင်းသောမုန်တိုင်းငယ်ဟာ မြောက်-အနောက်မြောက်ဘက်သို့ ဖြည်းညင်းစွာရွေ့လျားပြီး၊ ပိုမိုအားကောင်းလာကာနောက် ၁၂ နာရီအတွင်းဆိုင်ကလုန်းမုန်တိုင်း (Cyclonic strom)အဖြစ်သို့ လည်းကောင်း၊ နောက် ၃၆ နာရီအတွင်း အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm)အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်တယ်လို့လည်း မိုးဇလက ခန့်မှန်းပါတယ်။

အားကောင်းသောမုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ဒီနေ့မနက်မှ နောက် ၄၈ နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်လို့ မိုးကြီးတာ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။ 

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၃ ပေခန့် ရှိနိုင်တယ်လို့ဆိုပါတယ်။

အားကောင်းသောမုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်၊ မိုးထစ်ချုန်း၊ မိုးကြိုးပစ်၊ လျှပ်စီးလက်တာတွေ ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့နဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ သတိပြုကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024