ကယားပြည်နယ်ထဲက ဒီးမော့ဆိုနဲ့ ဘော်လခဲမြို့နယ်တွေမှာ မေလ ၂၁ ရက် ဒီနေ့မနက်ပိုင်းကစပြီး ညပိုင်းအထိ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ တနေကုန်နီးပါး ပစ်ခတ်တိုက်ခိုက်မှုတွေ အပြင်းအထန်ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက် အကျဆုံးရှိခဲ့ပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာ ဒီကနေ့မနက်ပိုင်း ၈ နာရီလောက်ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနေရာယူထားတဲ့ မြို့နယ်ထွေအုပ်ရုံးနဲ့ အားကစားရုံရှေ့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
မွန်းလွဲပိုင်းမှာတော့ ဒီးမော့ဆိုမြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“ရဲစခန်းအနောက်ကျောကနေ သွားတိုက်ပြီးတော့ ဗုံးတွေပစ်ထည့်ပြီးတော့ သေနတ်တွေပစ်တော့ အပြန်အလှန်ပစ်တော့ ၁၀ မိနစ်လောက်ပစ်ပြီးတော့ ပြန်ဆုတ်လာလိုက်တယ်။ ”
အလားတူ ဒီးမော့ဆိုမြို့နယ်က ဒေါတဝီဂိတ်ကိုလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ ပြည့်သူကာကွယ်ရေးတပ်အဖွဲ့တွေ ပူးပေါင်းပြီး သိမ်းပိုက်ခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ညနေ ၆ နာရီလောက်မှာတော့ ဒီးမော့ဆိုမြို့နယ် ပူးပေါင်းစစ်ရေးရေးဂိတ်တခုဖြစ်တဲ့ ထူးလွီးဘီလာ ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်က သွားရောက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အလားတူ ဘောလခဲမြို့နယ်မှာလည်း နန်းဖမ်းကျေးရွာထိပ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး သွားရောက်သိမ်းပိုက်ခဲ့ပါတယ်။
“ နန်းဖဲစခန်းက သိမ်းလိုက်တာ၊ နေရာတော့မယူဘူး။ သိမ်းပြီးတော့ ပြန်ထွက်တယ်။ ”
ဒီလိုတိုက်ပွဲတွေ ဖြစ်ပွားနေစဉ် လမ်းသွားလမ်းလာပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ ဒေါငံခါးလမ်းခွမှာ ဆိုင်ကယ်မောင်းနှင်လာသူ အရပ်သား နှစ်ဦးကို စစ်ကောင်စီက ရပ်တန့်ဖို့ ပြောရာကနေ မောင်းပြေးတဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ရာမှာ တစ်ဦး သေဆုံးသွား ပါတယ်။
နေ့လည် ၁ နာရီကျော်က ဒီးမော့ဆိုမြို့နယ် ဒေါခလိုက်လင်းကျေးရွာနားက ညောင်ကိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးတပ်အကြားတိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ကား ၃ စီး မီးလောင်ပြီး အကျအဆုံးများခဲ့ကြောင်းလည်းပြောပါတယ်။
“ညောင်ကိုင်းမှာတော့ လာနေတဲ့ စစ်ကားကို ပစ်တာပေါ့။ သူတို့ဘက်က ၂၇ ယောက်လောက်တော့ သေသွားတယ်။ သုံးလေးယောက်လောက်ပဲ လွတ်တာ ဒါပေမဲ့ သွားပြီးတော့ မှတ်တမ်းမယူနိုင်ဘူးဖြစ်သွားတာ။ စစ်ကားသုံးစီးကတော့ လောင်သွားပြီ။ RPG နဲ့ထုလိုက်တာ။ ”
စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇ ဦးကျဆုံးတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ဒီလိုနှစ်ဖက်အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေ တောတွင်း ထွက်ပြေး တိမ်းရှောင်နေကြရသလို ဒီညမှာလည်း ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့တွေမှာလည်း ပစ်ခတ်ခြောက်လှန့်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Photo- KNIC