နောက် ၂ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို အနောက်တောင်မုတ်သုံလေ ဝင်ရောက်နိုင်ပြီး မေ ၂၃ ရက်နေ့မှာတော့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
ဒီမနက် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့မှာမုန်တိုင်းရဲ အစပျိုးဖြစ်ရပ် လေဖိအားနည်းရပ်ဝန်းတ ခုဖြစ်လာဖို့ ခန့်မှန်းထားတာပါ။
အိန္ဒိယ မိုးလေဝသဌာနကတော့ မြန်မာနိုင်ငံရဲ့ အနောက်တောင်ဘက် ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း တခု စတင်ဖြစ်ပေါ်လာနေပြီး လာမယ့် မေလ ၂၁ ရက်နဲ့ မေလ ၂၇ ရက်တွေအတွင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအနေနဲ့ တိုက်ခတ်လာနိုင်စရာရှိတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီမုန်တိုင်း ပြင်းအားပမာဏကို ခန့်မှန်းဖို့ စောလွန်းနေသေးပေမယ့် ကွန်ပျူတာမော်ဒယ် ဖန်တီးမှုတွေအရ အင်အားပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း တခုဖြစ်ပေါ်လာနိုင်ပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ဦးတည်တိုက်ခတ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း မြန်မာတနိုင်ငံလုံးမှာ နေရာကွက်ကြားကနေ နေရာအနှံ့အပြားမိုးရွာခဲ့ပြီး ရှမ်းပြည်နယ် ကျောက်မဲမြို့မှာတော့ မိုးရေချိန် ၅ ဒသမ ၀၄ လက်မနဲ့ စံချိန်သစ် တင်ခဲ့ပါတယ်။
နေ့အပူချိန်တွေအနေနဲ့ မကွေးနဲ့ ပဲခူးတိုင်းတို့မှာ မေလရဲ ပျမ်းမျှအပူချိန်ထက် ၇ ဒီဂရီစင်တီဂရိတ်၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ချင်း၊ မွန်နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာ မေလ ပျမ်းမျှအပူချိန်တို့ထက် ၅ ကနေ ၆ ဒီဂရီစင်တီဂရိတ်အထိ၊ နေပြည်တော်နဲ့ တနင်္သာရီတိုင်း၊ ရခိုင်၊ ကယား၊ ကရင်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ မေလ ပျမ်းမျှအပူချိန်ထက် ၃ ကနေ ၄ ဒီဂရီစင်တီဂရိတ်အထိ၊ စစ်ကိုင်းတိုင်းအောက်ပိုင်းမှာတော့ မေလပျမ်းမျှအပူချိန်ထက် ၂ ဒီဂရီစင်တီဂရိတ် ပိုပြီး ပူခဲ့ပါတယ်။
အမြင့်ဆုံးအပူချိန်တွေကတော့ ချောက်မြို့မှာ ၄၅ ဒီဂရီစင်တီဂရိတ်၊ မြင်းမူ၊ မြင်းခြံနဲ့ မင်းဘူးမြို့တို့မှာ ၄၄ ဒီဂရီစင်တီဂရိတ်၊ မုံရွာ၊ ညောင်ဦး၊ မကွေး၊ အောင်လံ၊ တောင်တွင်းကြီး၊ ဂန့်ဂေါ၊ ပေါက်နဲ့ ဆင်ဖြူကျွန်းမြို့တို့မှာ ၄၃ ဒီဂရီစင်တီဂရိတ်ဖြစ်ပါတယ်။