မြန်မာအကြမ်းဖက်စစ်အုပ်စုကို အမေရိကန်၊ ကနေဒါနှင့် ယူကေက ထပ်မံ ပိတ်ဆို့ဒဏ်ခတ်

မြန်မာအာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုနဲ့ ပေါင်းပါတွေကို   အမေရိကန်၊ ကနေဒါနဲ့ ယူကေနိုင်ငံတို့က ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေ  ထပ်မံတိုးချဲ့ ပြုလုပ်လိုက်ကြောင်း နိုင်ငံအသီးသီးက ထုတ်ပြန်ကြေညာပါတယ်။

အမေရိကန် ပြည်ထောင်စုက မြန်မာစစ်အာဏာရှင်နဲ့ ဆက်နွှယ်တဲ့ အဖွဲ့အစည်းတစ်ခု နဲ့ လူပုဂ္ဂိုလ် ၁၆ ဦး တို့ကို  ဒဏ်ခတ်ပိတ်ဆို့အရေးယူရန်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က မေ ၁၇ ရက်နေ့စွဲ့နဲ့ ကြေညာပါတယ်။

စစ်အာဏာရှင်ဟာ လတ်တလော ချင်းပြည်နယ် မင်းတပ်မြို့ အပါအဝင် မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုနဲ့ နှိပ်ကွပ်မှုတွေ ဆက်လက်ကျူးလွန်နေပြီး နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေး ဘာမှဆောင်ရွက်ခြင်းမရှိတဲ့အတွက် အမေရိကန်သမ္မတအမိန့် အရ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုအသစ်တွေထပ်မံချမှတ်လိုက်တာလို့ ဆိုပါတယ်။

စစ်ကောင်စီအဖွဲ့ဝင် ၄ ဦး၊ စစ်တပ်ခန့် အစိုးရအဖွဲ့ဝင် ၉ ဦးနဲ့  အရင်က ဒဏ်ခတ်ပိတ်ဆို့အရေးယူထားတဲ့ စစ်အရာရှိတွေရဲ့  အရွယ်ရောက်ပြီး သား၊ သမီး ၃ ဦး စုစုပေါင်း ၁၆ ဦးတို့ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တာပါ။

ဒဏ်ခတ်စာရင်းမှာပါဝင်သူတွေကတော့  စစ်ကောင်စီအဖွဲ့ဝင်တွေ ဖြစ်တဲ့ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ စိုင်းလုံးဆိုင်၊ ဦးခင်မောင်ဆွေ၊ စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့  အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး စောထွန်းအောင်မြင့်၊ နယ်စပ်ရေးရာဝန်ကြီး ဦးထွန်းထွန်းနောင်၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းငြိမ်း၊ စီးပွားကူးသန်းဝန်ကြီး ဦးပွင့်ဆန်း၊ စီမံဘဏ္ဍာဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဦးသက်ခိုင်ဝင်း၊ သဘာဝသယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်ရီ တို့ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ရဲ့သား ဟိန်းထက်နဲ့ ကောင်းထက်၊  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ရေ)  ဗိုလ်ချုပ်ကြီး တင်အောင်စန်းရဲ့ သမီး ယဉ်မင်းသူတို့ကိုလည်း ပိတ်ဆို့ဒဏ်ခတ်စာရင်းမှာထည့်သွင်းဖော်ပြထားပါတယ်။

သမ္မတဘိုင်ဒင်ပြောခဲ့တဲ့အတိုင်း အမေရိကန်ပြည်ထောင်စုဟာ  မြန်မာပြည်မှာ စစ်အာဏာသိမ်းမှုအတွက် တာဝန်ရှိသူတွေ တာဝန်ခံရစေရေးအတွက် ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်သလို စစ်အာဏာရှင်တွေ အကြမ်းဖက်မှုမရပ်တန့်မချင်း၊ ပြည်သူလူထုဆန္ဒကို လေးစားတဲ့အနေနဲ့ အဓိပ္ပာယ်ပြည့်ဝသောလုပ်ရပ်တွေ မဖော်ဆောင်မချင်း နိုင်ငံရေးနဲ့ ဘဏ္ဍာရေးအရ စစ်အာဏာရှင်ကို ဖိအားပေးတာဖြစ်တယ်လို့လည်းဆိုပါတယ်။

ယူကေနိုင်ငံကတော့ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ( MGE) ကို ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရာ့ဘ်က  မေလ ၁၇ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ မြန်မာ့ကျောက်မျက်လုပ်ငန်းဟာ အကြမ်းဖက်စစ်အုပ်စုကို ဒေါ်လာဘီလီယံနဲ့ ချီဝင်ငွေရရှိစေတဲ့ စီးပွားရေးလုပ်ငန်ကြီးဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အစိုးရဟာ ဒီမိုကရေစီကိုဆက်လက် ချေမှုန်းဖျက်ဆီးနေပြီး ကိုယ့်ရဲ့ ပြည်သူတွေကို လူမဆန်စွာ ရက်စက်ကြမ်းကြုတ်စွာတိုက်ခိုက်နေတယ်။  စစ်အစိုးရရဲ့ ငွေရေးကြေးရေးရရရှိမှုကို ထိခိုက်စေတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို မဟာမိတ်တွေနဲ့အတူ လုပ်ဆောင်ပြီး ဒီမိုကရေစီပြန်ရအောင်လုပ်ဆောင်သွားမယ်လို့လည်း ယူကေနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ယူကေဟာ မြန်မာ စစ်ခေါင်းဆောင်တွေကို ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ပြုလုပ်ထားပြီးဖြစ်ပါတယ်။

ကနေဒါအစိုးရကတော့ မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ လူပုဂ္ဂိုလ် ၁၆ ယောက်နဲ့ ကုမ္ပဏီလုပ်ငန်း ၁၀ ခုကို နောက်ထပ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်လိုက်တယ်လို့ ကနေဒါနိုင်ငံခြားရေး ဌာနက မေလ ၁၇ ရက်နေ့မှာပဲ ကြေညာပါတယ်။  

မြန်မာနိုင်ငံမှာ စစ်တပ်က တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးနဲ့ နောက်ထပ် အကြမ်းဖက်မှုတွေကို ဟန့်တားနိုင်ရေးအတွက် လက်နက်တင်ပို့မှုပိတ်ပင်တားဆီးရေး၊ စစ်အသုံးအဆောင်ပစ္စည်းတွေ ရောင်းချမှု ဆိုင်းငံ့ရေးနဲ့ စစ်တပ်ပိုင်လုပ်ငန်းအဖွဲ့အစည်းတွေနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ရပ်တန့်ရေးအပါအဝင် စစ်အာဏာရှင်အပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ကြဖို့  အမေရိကန် ပြည်ထောင်စုက နိုင်ငံအားလုံးကို တိုက်တွန်း ထားပါတယ်။

Photo- CINCDS

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up