မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ မေလ ၁၈ ရက် မနက်ပိုင်းက စစ်အာဏရှင်ဆန့်ကျင်တဲ့ တပ်ပေါင်းစု မဟာမိတ်စစ်ကြောင်း ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
တပ်ပေါင်းစု မဟာမိတ်စစ်ကြောင်းမှာ တမ္ပဝတီလူထု သပိတ်စစ်ကြောင်း၊ ဘုရားကြီး စစ်ကြောင်း၊ မဟာအောင်မြေ လူထုသပိတ်စစ်ကြောင်း၊ စိန်ပန်းသပိတ်စစ်ကြောင်း တို့ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
အလံမလိပ် အသံမတိတ် ချမ်းမြသာစည်သပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး အရုဏ်ဦးသပိတ်ပြုလုပ်ခဲ့ပါတယ်။
အလားတူ ချမ်းမြသာစည်မြို့နယ်ကျောင်းသားများသမဂ္ဂ၊ ဗကသများအဖွဲ့ချုပ်ကလည်း ဒီကနေ့မနက် စစ်အာဏာရှင်စနစ်ကျဆုံးရေး အရုဏ်ဦးသပိတ်ပြုလုပ် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
မနေ့ညပိုင်းက ချမ်းမြသာစည်မြို့နယ်မှာ ပြည်သူတွေ စုပေါင်းပြီး လိင်အကြမ်းဖက်မှုရပ်တန့်ရေး ညသပိတ်ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြ ချီတက်ရာမှာ စစ်အာဏာရှင်ကျရှုံးရေး၊ ဖမ်းဆီးခံရသူတွေ ပြန်လွှတ်ပေးရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာချီတက်ခဲ့ပြီး လူစုခွဲခဲ့ကြပါတယ်။
မန္တလေးမြို့မှာ စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့တွေ တင်းကျပ်စောင့်ကြည့် ဖမ်းဆီးမှုတွေ လုပ်နေတဲ့ကြားက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ပြည်သူတွေက နေ့စဉ်မပြတ်ဆက်လက်လုပ်ဆောင် နေကြတာဖြစ်ပါတယ်။