Home
ဆောင်းပါး
စစ်တပ်ကို နိုင်ငံရေးဇာတ်ခုံပေါ်က အပြီးအပြတ် ဆွဲချချိန်ရောက်ပြီ
DVB
·
May 17, 2021

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတာ လေးလထဲ ရောက်လာချိန်မှာ စစ်တပ်နဲ့ရဲကြောင့် သေဆုံးရသူ ၈၀၀ နီးပါးရှိ လာပြီဖြစ်တယ်။ နိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေကလည်း ကမ္ဘာမှာ အဆိုးဝါးဆုံး အနေထားဆီကို ဦးတည်နေပြီဖြစ်တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂက မေလ ၁၀ ရက်နေ့မှာ ပြောကြားလိုက်ကြောင်း ကြားရတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူ ၇၈၀ ကျော် စစ်တပ်နဲ့ လုံခြုံရေးရဲတပ်ဖွဲ့၀င်တွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရပြီး ဖြစ်တယ်။ အကြမ်းဖျင်းအားဖြင့် တရက်မှာ နိုင်ငံသား ၁၀ ယောက် ပစ်သတ်ခံနေရတာဖြစ်တယ်။ ဖမ်းဆီးထိန်းသိမ်းခံနေရသူကလည်း ၅၀၀၀ လောက်ရှိနေတယ်။ ဒဏ်ရာနဲ့ ဖမ်းဆီးခံရသူတွေကို ဆေးကုသမပေးကြောင်းလည်း ကြားသိရတယ်။ အဲဒီထဲမှာ အမျိုးသမီးနဲ့ ကလေးငယ် အများအပြား ပါဝင်နေပြီး ဒဏ်ရာရသူ အရေအတွက်ကလည်း ထောင်နဲ့ချီရှိနေတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်ရေးရုံးက ပြောကြားကြောင်း အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတာရက်စ်ကရဲ့ ပြောခွင့်ရ Stephane Dujarric က မေလ ၁၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တယ်။ စစ်တပ်အာဏာသိမ်းထားတဲ့ ရက် ၁၀၀ ကျော်ကာလအတွင်း မြန်မာနိုင်ငံရဲ့ အခြေနေဟာ ကမ္ဘာ့လူသားပြဿနာနဲ့ အကာကွယ်ပေးနိုင်စွမ်းမရှိတဲ့ အဆိုးဆုံး နိုင်ငံတနိုင်ငံအဖြစ် အမြန်ကျရောက်လာနေတယ်လို့ Dujarric က ဆိုတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး စစ်တပ်နဲ့ရဲတွေရဲ့ အကြမ်းဖက်နှိမ်နင်းမှု လုပ်ရပ်တွေဟာ တနေ့တခြား ပိုမိုဆိုးရွားလာနေတယ်လို့လည်း ကုလသမဂ္ဂဌာနေအဖွဲ့တွေက ပြောဆိုနေကြတယ်။ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် ရက်ပေါင်း ၁၀၀ အတွင်းမှာ ရာနဲ့ချီတဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်ခဲ့ပြီး မတရားဖမ်းဆီးမှုတွေနဲ့ တခြားလူ့အခွင့်အရေးချိုးဖောက်မှု အမြောက်အမြား ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတာရက်စ်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထုတ်ပြန် ကြေညာခဲ့တယ်။ နိုင်ငံတွင်း အခြေနေတွေ ပိုဆိုးမလာအောင် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက ဆွေးနွေးအဖြေရှာသင့်ကြောင်း၊ အခြေခံရပိုင်ခွင့်နဲ့ လူ့အခွင့်ရေးတွေကို လေးစားလိုက်နာသောအားဖြင့် မြန်မာစစ်တပ်က ဖမ်းဆီးထားသူအားလုံးကို အမြန်ပြန်လွှတ်ပေးဖို့ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတာရက်စ်နဲ့ အထူးကိုယ်စားလှယ် ခရစ္စတင်းရှရာနာဘာဂျီနာတို့က  ထပ်တလဲလဲ တိုက်တွန်းနှိုးဆော်နေတာတွေ့ရတယ်။

တချိန်ထဲမှာ စစ်အာဏာသိမ်းမှုရဲ့ဆိုးကျိုးကြောင့် မြန်မာ့စီးပွားရေးဟာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးလာတယ်။ ၂၀၂၀ မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကမ္ဘာအနှံ့ကူးစက်ဖြစ်ပွားခဲ့ရာမှာ မြန်မာနိုင်ငံလည်း မလွတ်ခဲ့ပါ။ ကပ်ရောဂါကြောင့် စီးပွားရေး အခြေအနေကို ထိခိုက်ခဲ့ပေမယ့် အရပ်သားအစိုးရရဲ့ ကြိုးပမ်းထိန်းကျောင်းနိုင်ခဲ့မှုကြောင့် ဟန်ချက်ပျက်လောက်အောင် မဖြစ်ခဲ့ပါဘူး။ ပြည်သူအချင်းချင်း အပြန်အလှန်ယိုင်းပင်းကူညီမှုတွေကြောင့်လည်း ပြည်သူအများရဲ့နေ့စဉ်စားဝတ်နေရေး ကိစ္စတွေကို အတော်အတန် ထိန်းညှိပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို စနစ်တကျ ကာကွယ်နိုင်ဖို့၊ ကာကွယ်ဆေးတွေအချိန်မီရရှိဖို့ အရပ်သားအစိုးရက ကြိုးပမ်းဆောင်ရွက်နေချိန်မှာ အချောင်သမား စစ်တပ်ဦးစီးချုပ်က နိုင်ငံနဲ့ပြည်သူ့မျက်နှာကို မထောက်ထားဘဲ စစ်အာဏာသိမ်းလိုက်တာ ဖြစ်တယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကို ခုခံ ကာကွယ်နေရချိန်မှာပဲ နိုင်ငံရဲ့အခြေအနေဟာ ဒီမိုကရေစီအရပ်သားအစိုးရလက်အောက်မှာ  တည်ငြိမ်အေးချမ်းစပြုနေ ပြီဖြစ်တယ်။ ဒါပေမဲ့ စစ်ခေါင်းဆောင်ဆိုသူဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်သူတွေ ထိခိုက်နစ်နာမယ့်အရေးကို လျစ်လျူရှုပြီး သူ့ကိုယ်ကျိုးစီးပွားတခုတည်းအတွက် စစ်အာဏာသိမ်းယူခဲ့တယ်။ ပြည်သူတွေကို သေနတ်ပြပြီး အနိုင်ကျင့်လို့ရမယ် အထင်နဲ့ ဆင်ခြင်ဉာဏ်မဲ့စွာ စစ်အာဏာသိမ်းခြင်းဆိုတဲ့ အမှားကြီးကို လွန်ကျူးခဲ့တယ်။ လက်ရှိ ဖြတ်သန်းနေတဲ့ ခေတ်ကာလဟာ ဒစ်ဂျစ်တယ် သတင်းမီဒီယာခေတ်ဆိုတာကို အကြမ်းဖက်စစ်ခေါင်းဆောင် မေ့လျော့နေပုံပါပဲ။

ဒီအပြင် မြန်မာနိုင်ငံရဲ့ ဂျန်ဇီးလို့ခေါ်တဲ့ လူငယ်လူဦးရေကလည်း မကြုံဖူးအောင် တောင့်တင်းခိုင်မာနေချိန်ဖြစ်တာကိုလည်း စစ်အုပ်စုအနေနဲ့ ထည့်တွက်ခဲ့ပုံမရဘူး။ နိုင်ငံတကာနဲ့ဆက်ဆံရေးလမ်းပွင့်ခဲ့တဲ့ (၂၀၁၀-၂၀၂၀) ဆယ်စုနှစ်အတွင်း မြန်မာလူငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက် အမြင်ကျယ်လာမှု၊ ရဲရဲတွေး ရဲရဲပြောဆိုဆွေးနွေး ရဲရဲဆုံးဖြတ် ရဲရဲလက်တွေ့လုပ်ကိုင် တတ်မှုစတဲ့ ခေတ်ပြောင်းအခြေအနေတွေကို စစ်တပ်က လျှော့တွက်လိုက်ပုံရတယ်။ ဒါကြောင့် စူးစမ်းဆင်ခြင်ဉာဏ် ကင်းမဲ့စွာ သေနတ်ပြောင်းဝမှာ အာဏာတည်တယ်လို့ တရားသေ မှတ်ယူပြီး အာဏာသိမ်းလိုက်ပုံပါပဲ။ လက်ရှိ အခြေအနေမှာတော့ လေးလ ပြည့်ခါနီးသည့်တိုင် ပြည်သူ့ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှု ရိုက်ချက်ကြောင့် အာဏာကို ချုပ်ကိုင် မရနိုင်ဘဲ ကျားမြီးဆွဲမိထားသူလို အကျပ်ဆိုက်နေရပြီဖြစ်တယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့အာဏာသိမ်းမှုကို ဆန့်ကျင်ရာမှာ ပြည်သူ့ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုဟာ အထိရောက် ဆုံးလို့ဆိုရမယ်။ နိုဘယ်ဆုနဲ့ထိုက်တန်တဲ့ လှုပ်ရှားမှုအဖြစ် နိုင်ငံတကာကပါ လေးစား အသိအမှတ်ပြုခဲ့ကြတယ်။ CDM လုပ်ကြရာမှာ အစိုးရဘဏ်က ဝန်ထမ်းတစ်ချို့အပါအဝင် ပုဂ္ဂလိကဘဏ်က ဝန်ထမ်းတွေကပါ တက်တက်ကြွကြွ ပါ၀င်လာ ခဲ့တာတွေ့ရတယ်။ CDM လုပ်တဲ့အတွက် ပုဂ္ဂလိကဘဏ်တွေ ပိတ်ထားရပေမယ့် အဲဒီအချိန်က ငွေရေးကြေးရေးဆိုင်ရာ အခက်အခဲ သိပ်မဖြစ်ခဲ့ဘူး။ ပြည်သူတွေဟာ ငွေပေးချေမှု လုပ်ငန်းတွေ၊ အရောင်းအဝယ်ကိစ္စအတွက် ငွေအလွှဲအပြောင်း လုပ်ငန်းတွေကို Mobile Banking အသုံးပြုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ကြပါတယ်။ ငွေသားစက္ကူ လိုအပ်ရင်လည်း နီးစပ်ရာ ATM စက်တွေမှာ လွယ်လွယ်ကူကူ ထုတ်ယူလို့ ရခဲ့ကြတာပါ။ ဗဟိုဘဏ်ရဲ့ ပိုပြီးတင်းကြပ်တဲ့ စည်းကမ်းတွေ တစ်ခုပြီး တစ်ခု ထုတ်ပြန်မှု မလုပ်သေးချိန်အထိ ပြည်သူတွေအတွက် ဘဏ်နဲ့ ငွေရေးကြေးရေးဆိုင်ရာကိစ္စတွေ သိပ်အခက်အခဲ မရှိခဲ့ကြဘူး။ စစ်ကောင်စီကနေ မိုဘိုင်းဒေတာ စနစ်၊ ဝိုင်ဖိုင်စနစ်၊ ဘရော့ဘင်းစနစ် စတဲ့ အင်တာနက် ဝန်ဆောင်မှု ၃ မျိုး ဖြတ်တောက်လိုက်ချိန်မှာ တော့ ဘဏ်ဝန်ဆောင်မှု ပြဿနာဖြစ်တော့တာပဲ။ 

ပြည်သူတွေဟာ အင်တာနက် ဝန်ဆောင်မှု မရတော့တဲ့အတွက် Mobile Banking အသုံးပြုလို့ မရတော့ပါဘူး။ ဒါကြောင့် နေ့စဉ် ကျပ်ဘီလီယံပေါင်းများစွာ တန်ဖိုးရှိမယ့် ငွေကြေးလွှဲပြောင်းမှုတွေကို ငွေစက္ကူ အသုံးပြုပြီး ပေးချေရတဲ့ အခြေအနေ ရောက်စေခဲ့တယ်။ အဲဒီအချိန်ကစပြီး ATM စက်တွေမှာ ငွေထုတ်ယူဖို့ တန်းစီ တိုးရတော့တာပါပဲ။ စစ်တပ်ပိုင် မြဝတီဘဏ်မှာ ပြည်သူတွေက အပ်ငွေတွေ ပြန်ထုတ်ယူဖို့ ကြိုးစားခဲ့တာကြောင့် ဗဟိုဘဏ်က ငွေကြေးထုတ်ယူခွင့်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းအသစ်ချမှတ်ပြီး တင်းကြပ်လိုက်ပါတယ်။ 

မတ်လ ၁ ရက် နေ့စွဲနဲ့ ထုတ်တဲ့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ATM စက်ကနေ ငွေသားထုတ်ယူမှုကို တစ်ရက် ကျပ် ၅ သိန်း၊ ဘဏ်စာအုပ်နဲ့ ဘဏ်တွေမှာ ထုတ်ယူခွင့်ကို တစ်ပတ်စာအတွက် လူပုဂ္ဂိုလ် ကျပ်သိန်း ၂၀၊ ကုမ္ပဏီ ကျပ်သိန်း ၂၀၀ ဆိုပြီး လျော့ချသတ်မှတ်ခဲ့တယ်။ ဒီ့အပြင် ဘဏ်ကတ်တွေကိုလည်း မတူတဲ့ဘဏ်တွေရဲ့ ATM စက်တွေကနေ ထုတ်ယူခွင့် ကန့်သတ်ခဲ့တယ်။ အဲဒီအခြေအနေက ဘဏ်စနစ် ယိမ်းယိုင်တာနဲ့ စီးပွားရေးလည်းပတ်မှု ကျဆင်းတာတွေကို ပြသနေတယ်။ အချုပ်အားဖြင့် စစ်အာဏာသိမ်းမှုကို လူထုက ပြတ်သားစွာ ဆန့်ကျင်နေတာတွေ့ရတယ်။ စစ်တပ်ကိုလူထုက ထောက်ခံမှု လုံးဝမရှိကြောင်း ပေါ်လွင်ခဲ့တယ်။ အလားတူ မီးရထား၊ ပြည်တွင်းပြည်ပရေကြောင်း/ လေကြောင်းခရီးတွေ ပုံမှန် မလည်ပတ်နိုင်တာတွေ့ရတယ်။ ယုတ်စွအဆုံး ဆေးရုံတွေ ကျောင်းတွေကိုလည်း ပုံမှန်ဖွင့်ဖို့စစ်တပ်ကကြိုးစားပေမယ် မအောင်မြင်ခဲ့ဘူး။

နိုင်ငံအနှံ့မှာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ဆန္ဒပြပွဲတွေကလည်း အရှိန်အဟုန်မပျက်ခဲ့ဘူး။ ဒါကြောင့် ပြည်သူလူထုရဲ့သဘောထားကတော့ စစ်တပ်နဲ့စေ့စပ်ဆွေးနွေးဖို့တောင် သဘောထားမရှိဘူးလို့ ကြားလာရတယ်။ ဂျန်ဇီလို့ခေါ်တဲ့ လူငယ်မျိုးဆက်သစ်တွေရဲ့ နိုင်ငံရေးသန္နိဋ္ဌာန်ခိုင်မာမှုဟာ ဘယ်တုန်းကနဲ့မှ မတူအောင် ပြင်းပြထက်သန်နေတာတွေ့ရတယ်။ နွေဦးတော်လှန်ရေးလို့ အမည်တွင်တဲ့ လက်ရှိစစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ တော်လှန်ရေးဟာ စစ်တပ်က အာဏာမစွန့်လွှတ်သရွေ့၊ ဖမ်းဆီးထားသူအားလုံး ပြန်လွှတ်ပြီး၊ ရွေးကောက်ခံ ပြည်သူ့ အစိုးရထံ အာဏာပြန်လည် လွှဲအပ်မပေးသရွေ့၊ အနိုင်မခံ အရှုံးမပေးဘဲ ဆက်လက်တိုက်ပွဲ ၀င်နေကြမှာဖြစ်တယ်လို့ ကြေညာထားကြောင်းသိရတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ဖမ်းဆီးထားသူအားလုံး ပြန်မလွှတ်သရွေ့ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့အကြောင်းမရှိဘူးလို့ ဆိုထားတယ်။

လက်ရှိအခြေအနေက စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေနဲ့ ဆန္ဒပြပြည်သူတွေကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် စစ်မြေပြင်သုံးလက်နက်တွေ အသုံးပြုပြီး အကြမ်းဖက် နှိမ်နှင်းလာတဲ့အတွက် ပြည်သူတွေဟာ ရရာလက်နက်ကိုင်စွဲပြီး ခုခံတော်လှန်မှုတွေ စတင်နေပြီ ဖြစ်တယ်။

မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအပြင် မြန်မာပြည်အလယ်ပိုင်း မန္တလေးတိုင်း မြင်းခြံမြို့၊ ဝမ်းတွင်းမြို့၊ မကွေးတိုင်း ချောက်မြို့၊ တနင်္သာရီတိုင်း ထားဝယ် စတဲ့ မြို့တွေမှာလည်း မေလအတွင်းမှာ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေ တခုပြီးတခု ဖွဲ့စည်းလာနေတယ်။

ဒီအချိန်မှာပဲ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကလည်း မေလ ၅ ရက်နေ့က ပြည်သူ့ ကာကွယ်ရေးတပ်မတော် People Defence Force ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်တယ်။ ဒီအဖွဲ့မှာ ဖက်ဒရယ်ဒီမိုကရေစီလိုလားတဲ့ လူငယ်တွေ ပါဝင်မှာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်တွေနဲ့ မဟာမိတ်ဖွဲ့ကာ ပြည်သူကို ကာကွယ်စောင့်ရှောက်သွားဖို့ ရည်ရွယ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြောင်း မီဒီယာသတင်း တွေမှာ တွေ့ရတယ်။

စစ်ကောင်စီက အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း တစ်နိုင်ငံလုံးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ နည်းလမ်း မျိုးစုံနဲ့ပြုလုပ်နေကြတယ်။ နေ့စဉ်ဆန္ဒပြနေကြသလို တစ်ဖက်မှာလည်း ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက ရရာ လက်နက် ကိုင်ဆောင်ပြီး ပြောက်ကျားနည်းတွေနဲ့ ပြန်လည်ခုခံတိုက်ခိုက်နေတယ်။ ဂျန်ဇီးလူငယ် အများအပြားလည်း လွတ်မြောက် ဒေသတွေမှာ စစ်သင်တန်းတွေ တက်နေကြပြီဖြစ်တယ်။ တချိန်တည်းမှာ  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ KIA နဲ့ KNU တပ်တွေကလည်း စစ်ကောင်စီတပ်တွေရဲ့ စခန်းတွေကို တိုက်ခိုက်သိမ်းယူနေကြောင်း ကြားသိနေရတယ်။  ဒါကြောင့် နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေနဲ့ လက်နက်ကိုင်တိုက်ပွဲ အခြေအနေအရပ်ရပ် ပြင်းထန်လာနေတာ တွေ့ရတယ်။

အကြမ်းဖက်တပ်က လက်နက်အားကိုးနဲ့ ဗိုလ်ကျစိုးမိုးဖို့အားထုတ်နေပေမယ့် ပြည်သူလူထုရဲ့ တင်းမာတဲ့ ခုခံဆန့်ကျင်မှုတွေကြောင့် အုပ်ချုပ်ရေးယန္တရားကို လည်ပတ်အောင် စွမ်းဆောင်နိုင်ခြင်း မရှိကြောင်းတွေ့ရတယ်။ ဒီအပြင် နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် ဘတ်ဂျက်ပြတ်လပ်လာနေတယ်။ ဒါကြောင့် အကြမ်းဖက် စစ်တပ်တွေဟာ ပြည်သူလူထုထံက လုယက် ဓားပြတိုက် စားသောက်နေတဲ့ အခင်းအကျင်း ဖြစ်လာတယ်။ စစ်တပ်တတပ်ဟာ ပြည်သူကို မတရားနှိပ်စက်သတ်ဖြတ်ပြီး လုယက်စားသောက်လာကြပြီဆိုရင် ကိုယ်ကျင့်သီလကျိုးပျက်ခြင်းဖြစ်တယ်။ ကိုယ်ကျင့် သီလပျက်ပြားတဲ့တပ်ဟာ လူထုထောက်ခံမှု လုံးဝမရတော့တဲ့အတွက် ပျက်သုဉ်းမှုဆီ ဦးတည်ရွေ့လျားနေပြီ ဖြစ်တယ်။ ထိပ်ဆုံးက စစ်ဗိုလ်ချုပ်ဆိုသူတွေဟာလည်း ငါးပါးသီလကို အကြိမ်ကြိမ်အထပ်ထပ် ချိုးဖောက်နေကြပြီး၊ ကိုယ်က ကာကွယ် စောင့်ရှောက်ရမယ့် ထမင်းရှင် မိဘပြည်သူတွေကို ရန်သူသဖွယ် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေကြသူတွေဖြစ်တယ်။ ဒါကြောင့် တရားမျှတမှုကို ကိုယ်စားပြုတဲ့ နွေဦးတော်လှန်ရေးဘက်က ရပ်တည်နေတဲ့ Gen-XYZ အပါအဝင် ပြည်သူလူထုကြီးရဲ့ တရားတဲ့ တိုက်ပွဲဆင်နွှဲမှုဟာ အဆုံးသတ်မှာ အောင်ပွဲခံရမှာ မုချဖြစ်တယ်။ ၂၀၀၈ စစ်ဖွဲ့စည်းပုံကိုလည်း ပြည်သူ့ဆန္ဒအတိုင်း ပယ်ဖျက်ခဲ့ပြီးဖြစ်တယ်။ စစ်အာဏာသိမ်မှုကြောင့် လူမျိုးဘာသာ မခွဲခြာကြတော့ဘဲ တိုင်းရင်းသား ပြည်သူအချင်းချင်းအကြား သွေးစည်းညီညွတ်မှု ပြန်လည်ရရှိခဲ့ခြင်းကတော့ ကြီးမားတဲ့ အကျိုးရလဒ်ပါပဲ။

ဒီအတောအတွင်း နိုင်ငံရေးမျက်လှည့်ပြဖို့ကြိုးစားနေတဲ့ စစ်အုပ်စုရဲ့ ခေါင်းကိုင်ဖခင်ဖြစ်တဲ့ တရုတ်နဲ့ အာဏာရှင်တပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများရဲ့ ဖျားယောင်းသွေးဆောင်မှုကိုလည်း CRPH နဲ့ NUG တို့ အထူး သတိပြုကြရမှာ ဖြစ်တယ်။ သူတို့ရဲ့ ကြားဝင်စေ့စပ်မှုဆိုတာဟာ အကြမ်းဖက်စစ်ကောင်စီအတွက် အသက်ဆက်ခွင့်ရအောင် အချိန်ဆွဲ ပေးတာဖြစ်တယ်။ ဒီအချိန်မှာ ဂျန်ဇီးတို့အပါအဝင် ပြည်သူ့ဆန္ဒအတိုင်း စစ်တပ်ကို နိုင်ငံရေးဇာတ်ခုံပေါ်က အပြီးအပြတ် ဆွဲချကြရမှာ ဖြစ်တယ်။ ဒါကြောင့် အကြမ်းဖက် စစ်ကောင်စီကို လူရာသွင်းပြီး ဆွေးနွေးရေးစားပွဲဝိုင်းပေါ် တင်ပေးဖို့ ကြိုးပမ်းနေတဲ့ တရုတ်နဲ့ အာဆီယံတို့ ရဲ့အစီအစဉ်တွေကြောင့် နွေဦးတော်လှန်ရေးရှေ့တဆင့်တက်နိုင်ရေးကို အဟန့်အတားဖြစ်လာ ဖွယ်ရှိတယ်လို့ သုံးသပ်မိပါတယ်။

နန္ဒလင်းရှိန်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024