အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (စစစ)ရဲ့လမ်းညွှန်မှုနဲ့ ရွှေဈေးနှုန်းတည်ငြိမ်ရေး ဆောင်ရွက်နေ တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။
စသုံးလုံးရဲ့ လမ်းညွှန်မူနဲ့ လစဉ်အစည်းအဝေး၊ အထူးအစည်းအဝေးတွေ ပြုလုပ်ပြီး ရွှေဈေးနှုန်းတည်ငြိမ်ရေး ဆောင်ရွက်နေတာဖြစ်တယ်လို့ မေ ၁၆ ရက်နေ့မှာ အသင်းရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကနေ အသိပေးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ယခင်စစ်အစိုးရလက်ထက်တွေတုန်းကလည်း ဒေါ်လာဈေး ရွှေဈေး တက်လာတဲ့အခါ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (စစစ)က အရောင်းအဝယ်လုပ်သူတွေကို ဖမ်းဆီးပြီး အတင်းအကျပ် ဈေးပြန်ချခိုင်းတာတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းထားပြီး နိုင်ငံရေး မတည်ငြိမ်တာ၊ မြန်မာကျပ်ငွေအပေါ် ယုံကြည်မှုနည်းပြီး၊ ဒေါ်လာနဲ့ ရွှေဝယ်စုနေကြတာကြောင့် အပြင် လက်ကြီးသမားတွေ ဈေးကွက်ဝင်ကစားတာတွေရှိနေတာကြောင့် ရွှေဈေးကော ဒေါ်လာဈေးပါ ဈေးကွက် မတည်မငြိမ် ဖြစ်နေတာလို့ ကျွမ်းကျင် သူတွေက သုံးသပ်ထားကြပါတယ်။
မေလ ၁၂ ရက်နေ့က ပြည်တွင်းအခေါက်ရွှေဈေးဟာ ဈေးပိတ်ချိန်မှာ ကျပ် ၁,၇၀၆,၀၀၀ ကို စံချိန်တင် ရောက်ရှိသွားခဲ့ပြီးတော့ မေ ၁၃ ရက်နေ့မှာ တစ်ကျပ်သားကို ကျပ် ၁,၆၃၀,၀၀၀ နဲ့ ဈေးပိတ်ခဲ့ပြီး တစ်ရက်အတွင်း ကျပ် ၇၀၀၀၀ ကျော် ချက်ချင်းပြန်လည်ကျဆင်း သွားခဲ့ပါတယ်။ မေ ၁၅ ရက်နေ့မှာတော့ ၁,၆၂၀,၀၀၀ ဝန်းကျင်နဲ့ ဈေးပိတ်ခဲ့တာပါ။
၁ဒေါ်လာကို ကျပ်၁၇၃၀ အထိ မြင့်တက်သွားခဲ့တဲ့ ကန်ဒေါ်လာဈေးကို ဗဟိုဘဏ်က ဝင်ထိန်းတဲ့ အနေနဲ့ ပြည်တွင်း ငွေကြေး ဈေးကွက် အတွင်းကို နိုင်ငံခြားငွေဈေးပြိုင်လေလံစနစ်အပြင် ပြည်တွင်း ငွေလဲကောင်တာတွေကို တိုက်ရိုက်ရောင်းချတဲ့ စနစ်နဲ့ပါ အမေရိကန် ဒေါ်လာပမာဏ များများ ဝင်ရောက် ရောင်းချတာတွေ လုပ်ဆောင်အပြီးမှာတော့ ကန်ဒေါ်လာငွေလဲနှုန်း က ၁၇၀၀ အောက် ပြန်လည်ကျဆင်းခဲ့ပြီး ရွှေဈေးလည်း လိုက်ပါကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။