Home
မြန်မာသတင်း
စစ်အာဏာသိမ်း ၁၀၅ ရက်အကြာ ကျဆုံးပြည်သူ ၈၀၀ နီးပါး၊ ဖမ်းဆီးခံရသူ ၅၀၀၀ ကျော် ရှိလာ
DVB
·
May 17, 2021

တရားမဝင်စစ်အာဏာသိမ်းကာလ ၁၀၅ ရက်အကြာ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၇၉၆ ယောက် ကျဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က သတင်း ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ အေအေပီပီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မေ ၁၆ ရက်အထိ မှတ်တမ်းပြုစုကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၅၀၈၆ ဖမ်းဆီးခံခဲ့ရကာ လက်ရှိ  ၃၉၉၈ ယောက်ကတော့ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၉၂ ယောက်ကတော့ ထောင်ဒဏ်ချမှတ် ခံထားရပါတယ်။ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက်ကတော့ ၁၆၇၉ ယောက်ရှိနေပြီး သူတို့ထဲက အယောက် ၂၀ ကတော့ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခံထားရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မေ ၁၆ ရက်နေ့မှာလည်း မြန်မာပြည်အနှံ့အပြားမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေကို အရှိန်အဟုန်နဲ့ ဆက်လက် ပြုလုပ်ခဲ့ကြပြီး မန္တလေးမြို့အနီးရှိ အင်းဝမြို့က မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်း ဖြိုခွင်းခြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာတော့ အထွေထွေသပိတ်လူစုခွဲပြီးချိန်မှာ အိမ်စီး ကားတွေနဲ့ လိုက်လံဖမ်းဆီးတာကြောင့် ပြည်သူ ၄ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

  ဒါ့အပြင် ပြီးခဲ့တဲ့ မေ ၁၅ ရက် ညအချိန်ကလည်း ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့က ပြောက်ကျားသပိတ်ကို အကြမ်းဖက် စစ်အုပ်စုက ကားနဲ့တိုက် ဖြိုခွင်းခဲ့လို့ လူငယ် ၁ ယောက် ဖမ်းဆီးခံခဲ့ရပြီး ၄ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ နယ်ဒေသတွေကို အင်အားသုံး အပြင်းအထန် ဖိနှိပ်နေပြီး တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်အတွင်းက ညောပြင်ကျေးရွာနဲ့ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ မုံပင်ကျေးရွာကို အင်အားအများအပြားနဲ့ စီးနင်း ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို စီးနင်းရာမှာ ညောပြင်ကျေးရွာဒေသခံ ၄ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး မုံပင်ကျေးရွာမှာတော့ အိမ်တံခါး မှန်သမျှကို ရိုက် ဖျက်ပြီး အသုံးအဆောင်ပစ္စည်းတွေနဲ့ ငွေကြေးတွေ လုယက်သွားခဲ့ကြတယ်လို့ အေအေပီပီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ကံသာယာကျေးရွာမှာလည်း မေ ၁၅ ရက် ညနေပိုင်းက ကျေးရွာ NLD ဥက္ကဋ္ဌနေအိမ်အပါအဝင် နေအိမ် ၃ လုံးကို အကြမ်းဖက်စစအုပ်စုက ဖျက်ဆီးခဲ့ပြီး ဆန်အိတ်တွေနဲ့ ငွေကျပ် ၇ သိန်းကို လုယက်သွားခဲ့တယ်လို့ ဆိုပါတယ်။

တရက်တည်းမှာပဲ ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်၊ ခိုယောင်းကျေးရွာမှာ သီပေါမြို့နယ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းကံညွန့်ကို တုတ်၊ ဓားဒဏ်ရာတွေနဲ့ သေဆုံးလျက်သား တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ NLD ပါတီဝင်တွေကို နေ့စဉ် နည်းအမျိုးမျိုးနဲ့ အလွန်အမင်း ဖိနှိပ်နေတာကြောင့် ဒီသေဆုံးမှုဟာ အကြမ်းဖက်စစ်အုပ်စုနဲ့ ဆက်နွယ်နေမယ်ဆိုတာ ယုံမှား သံသယဖြစ်ဖွယ် မရှိကြောင်းလည်း အေအေပီပီက ဆိုပါတယ်။

       အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024