မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ဆက်လက် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က အရေးယူမူတွေ ပြုလုပ်နိုင်တာကြောင့် ဖြစ်တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ် MFF က သတင်းထုတ်ပြန်ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ပြဌာန်းထားမှုအရ ပြိုင်ပွဲဝင်အသင်းတစ်သင်းအနေနဲ့ ပြိုင်ပွဲအား ဆက်လက်ယှဉ်ပြိုင်ခြင်း မပြုတော့ပါက ယှဉ်ပြရလဒ်တွေ အားလုံးပယ်ဖျက်တာအပြင် နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ပါဝင်ကစားခွင့် ပိတ်သိမ်းခံရတာ၊ ငွေဒဏ် ချမှတ်ခံရတာနဲ့ တခြားဘောလုံး တိုးတက်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းခံရတာတို့ ကြုံတွေ့ရမှာဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒါ့အပြင် နိုင်ငံ့လက်ရွေးစင်အသင်းကနေ ခေါ်ယူတာကို ငြင်းဆန်တဲ့ ကစားသမားတွေ အနေနဲ့ ပွဲပယ်အရေးယူ ပြစ်ဒဏ်များလည်း ချမှတ်ခြင်းခံရနိုင်ကြောင်း၊ ယခင်က မြန်မာအသင်း အနေနဲ့ ၂၀၀၂ ကမ္ဘာ့ဖလားခြေစစ်ပွဲကို နုတ်ထွက်ခဲ့တာကြောင့် ၂၀၀၆ ပြိုင်ပွဲများအထိ ပွဲပယ်ခံခဲ့ရသလို ငွေဒဏ်လည်း ချမှတ်ခံခဲ့ရကြောင်း MFF က ဆိုပါတယ်။
ဘောလုံးအသိုင်းအဝိုင်းနဲ့ ပရိသတ်တွေကတော့ စစ်အာဏာသိမ်းတာကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ ပြိုင်ပွဲမကစားဖို့ တိုက်တွန်းတာတွေ ရှိနေပြီး ဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။
ကမ္ဘာ့ဖလားခြေစစ်ပွဲတွေဟာ အာရှဖလားခြေစစ်ပွဲနဲ့လည်း ဆက်စပ်နေပြီး အုပ်စုရပ်တည်မူ အပေါ်မူတည်ပြီး အာရှဖလားခြေစစ်ပွဲစဉ်တွေမှာ ဆက်ပြီးယှဉ်ပြိုင်ရမှာပါ။
လက်ရှိအုပ်စု ရပ်တည်မူအရ မြန်မာအသင်းက စတုတ္ထနေရာမှာရပ်တည်နေပြီး မေ ၂၈ ရက်မှာ ဂျပန်နဲ့ကစားအပြီး ကာဂျစ္စတန် ၊ တာဂျစ်ကစ္စတန်အသင်းတွေ နဲ့ ဂျပန်နိုင်ငံမှာပဲ ဆက် တိုက်ကစားသွားမယ်လို့ သိရပါတယ်။