Home
ဆောင်းပါး
မြန်မာပြည် ကျရှုံးနိုင်ငံမဖြစ်ရေး အဓိကသော့ချက်
DVB
·
May 14, 2021

မြန်မာပြည်ဟာ ကျရှုံးနိုင်ငံဖြစ်ဖို့ ဦးတည်နေပါပြီ။  ဒါပေမဲ့ တခြားကျရှုံးနိုင်ငံတွေနဲ့ မတူတဲ့ အားကောင်းချက်က ဗဟိုအာဏာကို ယှဉ်ပြိုင်နေတဲ့ အင်အားစုတွေက သမိုင်းမှာ ဘယ်ခေတ်နဲ့မှမတူအောင် စည်းလုံးနေတာပဲ ဖြစ်တယ်။ 

ဒီစည်းလုံးမှုမပြိုကွဲသရွေ့ တိုင်းပြည်မှာ အင်အားရှိတယ်။ ချင်းပြည်နယ်၊ မင်းတပ်မြို့က အောင်ပွဲဟာ လက်နက်အားကောင်းတဲ့ မိစ္ဆာစစ်တပ်ကို တူမီးလို သေနတ်မျိုးနဲ့နိုင်အောင် တိုက်နိုင်ခဲ့တဲ့ အဓိကသော့ချက်က စည်းလုံးညီညွတ်မှုပဲ ဖြစ်တယ်။ ပြည်သူတွေ စည်းစည်းလုံးလုံးနဲ့ ဦးတည်ချက်တခုတည်းကိုပဲအားစိုက်တိုက်ခိုက်နိုင်ရင် မအလ မခံနိုင်ဘူးဆိုတာ သက်သေဖြစ်တယ်။

မကြာသေးခင်က အပစ်ရပ်တိုင်းရင်းသား ၁၀ ဖွဲ့ရဲ့ ကြေညာချက်က အားရစရာကောင်းတယ်။ တပ်ပေါင်းစုဖွဲ့ဖို့ ဆော်ဩမှုကို တခြားတိုင်းရင်းသားတွေလည်း ထောက်ခံပြီး တပ်ပေါင်းစု ဖွဲ့နိုင်ခဲ့မယ်ဆို အချိန်တိုတိုအတွင်း ပြီးသွားနိုင်တယ်။ 

တပ်ပေါင်းစုနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တွဲဖက်ညီညီတိုက်သွားမယ်ဆိုရင် ခဏနဲ့ ပွဲပြတ်နိုင်တယ်။ နောက်ထပ်အားကောင်းချက်တခုက  တခြားကျရှုံးနိုင်ငံတွေမှာ ဒေါ်အောင်ဆန်းစုကြည်လို အားကောင်းတဲ့ အတိုက်အခံမရှိတာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုပြီး စုဖွဲ့မှုတွေက ကမ္ဘာ့အသိအမှတ်ပြုအားကောင်းတဲ့ အတိုက်အခံအင်အားစုကို ဖြစ်စေတယ်။ ဒါကိုကြောက်လို့ စစ်တပ်က အတိုက်အခံအင်အားစုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စည်းလုံးမသွားအောင် အမြဲသွေးခွဲတယ်။ ဒါပေမဲ့ အတိုက်အခံအင်အားစုအားလုံးရဲ့ ယုံကြည်မှုကို ဒေါ်အောင်ဆန်းစုကြည်ပဲရနိုင်တယ်။ ဘယ်လို အခွင့်အရေးမျိုးတွေနဲ့ လှည့်စားမြူဆွယ်သည်ဖြစ်စေ စစ်တပ်က မရနိုင်ခဲ့ဘူး။ ဒါကို ၂၀၂၀ ရွေးကောက်ပွဲက သက်သေပြခဲ့ပြီးပြီ။ 

စစ်တပ်က မဲကွဲအောင်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုတဲ့ နိုင်ငံရေးအင်အားစုတွေ တွေဝေအောင် နည်းမျိုးစုံ ကြိုးစားပေမဲ့ တိုင်းရင်းသားတွေအပါအဝင် လူထုတရပ်လုံးက ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ကြောင်းပြခဲ့ကြပြီးပြီ။

တရုတ်က စစ်အုပ်စုအတွက် အသက်ကယ်ဆေးလား

အများထင်သလို တရုတ်က စစ်အုပ်စုအတွက် ထောက်ပံ့နေတယ်ဆိုတာ၊ စစ်အုပ်စုက လွှင့်ထုတ်တဲ့ မိုးကြိုးကိုကာတဲ့ ထန်းရွက်သာ ဖြစ်တယ်။ တရုတ်ရဲ့ စိတ်ဝင်စားမှုက သူ့ဗိုက်အောက်မှာရှိတဲ့ ဆီးရွက်လောက် မြန်မာနိုင်ငံလေးကို ငြိမ်နေတာပဲ မြင်ချင်တယ်။ အဲဒီဇီးရွက်လောက်လေးမှာ မီးထတောက်နေရင် သူ့ဗိုက်အောက်ကို မီးမြှိုက်နေသလို ခံစားရတယ်။ ဒါကြောင့် တရုတ်က မြန်မာနိုင်ငံ ငြိမ်နေဖို့ပဲ အဓိကထားတယ်။ ပြင်ပနိုင်ငံတွေ ဝင်စွက်ဖက်လို့ မီးတောက်နေရင် သူလည်း မနေသာတော့ဘူး။ ဒါ့ကြောင့် ကုလသမဂ္ဂမှာ သူ့အလုပ်သူလုပ်တာ ဖြစ်တယ်။ စစ်အုပ်စုကို ထောက်ခံတာ မဟုတ်သလို မြန်မာ့ဒီမိုကရေစီ အင်အားစုတွေကိုလည်း ဖြိုခွဲတာ မဟုတ်ဘူး။ အာဏာသိမ်းပြီးကတည်းက မြန်မာ့အရေး လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး သုံးခုစလုံးမှာ တရုတ်က ဗီတိုအာဏာသုံးတာ လုံးဝမလုပ်ခဲ့တာက သက်သေပြနေတယ်။

စစ်အုပ်စုကတော့ တရုတ် သူ့နောက်မှာရှိနေတယ်လို့ ကမ္ဘာကို ထင်စေချင်နေတယ်။ ဒါကြောင့် ထင်ယောင်ထင်မှားဖြစ်စေမယ့် နည်းတွေနဲ့ စိတ်ဓာတ်စစ်ဆင်ရေး လုပ်တယ်။ ဒါပေမဲ့ စစ်အုပ်စုက ကွန်မြူနစ် ဗကပတွေကို သူတို့သက်တမ်းတလျှောက်လုံး အကြောက်ဆုံး အမုန်းဆုံးဖြစ်လို့ ဗကပ ဆန့်ကျင်ရေးပဲ တစိုက်မတ်မတ် တပ်ထဲမှာ ဝါဒဖြန့်ထားတဲ့အခံ ရှိတာကြောင့် ကွန်မြူနစ်တရုတ်ကိုလည်း ဘယ်တုန်းကမှ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေအဖြစ် မမြင်ဘူး။ ဒါကြောင့် အမေရိကန်နဲ့ အနောက်အုပ်စုကို အမြဲတမ်း မျက်စပစ်နေရတယ်။

အမေရိကန်နဲ့ အနောက်အုပ်စုကို ဖားဖို့ လော်ဘီ(ကြားပွဲစား) ကို ဒေါ်လာ ၂ သန်းပေးပြီး ငှားတယ်။ ဒါကို တရုတ်ကလည်း ကြည့်မရဘူး၊ တရုတ်အနေနဲ့က  မအလဟာ နိုင်ငံကို ငြိမ်အောင်ထိန်းနိုင်မယ်လို့ မယုံကြည်ဘူး။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပိုလေးစားတယ်။ ဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်တဲ့ ၅ နှစ်မှာ စီးပွားရေးအများကြီး လုပ်ဖြစ်ခဲ့တယ်။ ဒါကြောင့် ဘယ်မြန်မာအစိုးရကိုမှ မပေးဖူးတဲ့ အခွင့်အရေးတွေ ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ပေးခဲ့တယ်။ 

ကိုဗစ်ကူးစက်မှု ဖြစ်တော့လည်း စိတ်မပူဖို့နဲ့ လိုအပ်တာ အကုန်ပေးမယ်လို့ ကတိပေးတဲ့အပြင် သူ့ရဲ့ကျွမ်းကျင်သူတွေကိုပါ မြန်မာပြည်ကို စေလွှတ်ပေးတယ်။ အတိုးမဲ့ချေးငွေနဲ့ ဖွံ့ဖြိုးရေးအကူအညီတွေလည်း အရင်ကထက် အများကြီးတိုးပေးခဲ့တယ်။ 

မအလကို တရုတ်က ပိုပြီးမယုံမကြည်ဖြစ်သွားတာက ရေငုပ်သင်္ဘောကိစ္စ၊ တရုတ်က လျှော့ဈေးနဲ့ပေးတဲ့ ရေငုပ်သင်္ဘောအသစ်ကို မဝယ်ဘဲ သူ့အိတ်ထဲ ပိုထည့်နိုင်ဖို့ အိန္ဒိယက ရေငုပ်သင်္ဘောအစုတ်ကို ဝယ်လိုက်လို့ မအလကို တရုတ်က မယုံကြည်တော့ဘဲ မအလကို ဆော်ဖို့ မြောက်ပိုင်းညီနောင်အဖွဲ့ကို လက်နက်တွေ အလကားနီးနီးနဲ့ ယူနန်အစိုးရက ရောင်းပေးလိုက်တယ်။ ရေငုပ်သင်္ဘောအရှုပ်တော်ပုံကို နောက်မှသပ်သပ်ရေးပါမယ်။ အဲဒီ အခိုင်အမာအချက်အလက်တွေက တရုတ်ဟာ မအလအတွက် အသက်ကယ်ဆေးမဟုတ်တာ သေချာတယ်။

ကျရှုံးနိုင်ငံ မဖြစ်ဖို့ ဘာတွေလုပ်နိုင်လဲ

မအလအနေနဲ့ ကူရာကယ်ရာမဲ့နေတဲ့အပြင် ကြီးမားတဲ့ အတွင်းပဋိပက္ခကိုလည်း ဖြေရှင်းနေရတယ်။ အဲဒါကတော့ အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်တော့တာနဲ့ တပ်တွေ တစတစပြိုကွဲလာနေတာပဲ ဖြစ်တယ်။ အဲဒီပြိုကွဲမှုကို ပြန်လည်ကုစားဖို့ မအလအနေနဲ့ စွမ်းဆောင်နိုင်တဲ့ အရည်အချင်းမရှိတဲ့အပြင် စစ်ကောင်စီအတွင်း အကွဲအပြဲကို အာရုံစိုက်နေရတဲ့အတွက် ပြင်ပတိုက်ခိုက်မှုတွေကို စနစ်တကျမကွပ်ကဲနိုင်တာပဲ ဖြစ်တယ်။ 

တော်လှန်ရေးအင်အားစုတွေအတွက် အရေးကြီးတာက စည်းလုံးညီညွတ်မှုပဲ ဖြစ်တယ်။ အင်္ဂလိပ်ခေတ်ကနေ ယနေ့ထိ မြန်မာတွေ ကျရှုံးနေရတာ စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့လို့ပဲ ဖြစ်တယ်။ စည်းလုံးတဲ့အချိန်တွေမှာ မြန်မာတွေ အင်ပါယာကြီးတွေ ထူထောင်နိုင်ခဲ့တာ သမိုင်းသက်သေ အများအပြားရှိတယ်။ တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ ဦးဆောင်မှုနဲ့ စည်းလုံးညီညွတ်တဲ့ ဖက်ဒရယ်တပ်မတော် အတူတွဲဖက်ပြီး မြန်မာပြည်အနာဂတ်ကို ထုဆစ်မယ်ဆို ကျရှုံးနိုင်ငံအဖြစ်ကနေ ကာကွယ်နိုင်ပါလိမ့်မယ်။ 

နိုင်ငံရေးဂုရုတွေ တွက်သလို ကျရှုံးနိုင်ငံကို ဦးတည်နေပြီဆိုပေမဲ့ တဖက်မှာ အားကောင်းတဲ့ အချက်တွေလည်း ရှိနေတယ်။

ဒါတွေကတော့ အာဏာရှင် လျင်လျင်မြန်မြန် ပြိုကွဲနေတာ၊ သူတို့ကို ထောက်ခံတယ်လို့ ယူဆနေတဲ့ ရုရှားနဲ့ တရုတ်က တကယ်ထောက်ခံတာမျိုးမဟုတ်တာ၊ အတိုက်အခံဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုတဲ့ အင်အားစုက နိုင်ငံတကာထောက်ခံမှုရှိပြီး အားကောင်းနေတာ၊ ထူးချွန်တဲ့အပြင် စွန့်လွှတ်အနစ်နာခံပြီး တိုက်ရဲတဲ့ လူငယ်မျိုးဆက်သစ်တွေ အမြောက်အမြားရှိနေပြီး တပ်ဦးက တိုက်ပွဲဝင်နေတာတွေက ကျရှုံးနိုင်ငံအဖြစ်ကနေ မြန်မာနိုင်ငံကို ဆွဲတင်ပါလိမ့်မယ်။ စည်းလုံးညွတ်ရေးဟာ သော့ချက်ပါ။

အေးမင်း(တာမွေ)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024