DVB သတင်းထောက် ကိုမင်းညိုအမှု အယူခံဝင်မည်

ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရတဲ့ ပြည်မြို့အခြေစိုက် DVB သတင်းထောက်ကိုမင်းညိုအမှုနဲ့ပတ်သက်လို့ အယူခံဝင်ဖို့ ရှေ့နေတွေနဲ့ တိုင်ပင်နေတယ်လို့ သူ့ရဲ့ဇနီး မညိုမီမိုးကပြောပါတယ်။

မေ ၁၂ ရက်နေ့မှာ စစ်ကောင်စီရဲ့ ထောင်တွင်းတရားရုံးက သတင်းထောက် ကိုမင်းညိုကို  ထောင်ဒဏ်ချမှတ်ခဲ့ကာ ပြည်အကျဉ်းထောင်မှာပဲ ဆက်ထားထားပြီး မိသားစုနဲ့ တရားဝင်တွေ့ခွင့်မပေးသေးပါဘူး။

ပြည်ဒေသခံသတင်းသမားအဖွဲ့အစည်းတွေ၊ ရှေ့နေအဖွဲ့အစည်းတွေ၊ ပရဟိတအရပ်ဖက် အဖွဲ့တွေကိုလည်း အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခြိမ်းခြောက်တာတွေရှိနေတဲ့အတွက် လိုအပ်တဲ့ အကူအညီတွေကို ကိုမင်းညိုရဲ့ မိသားစုတွေက ရယူဖို့ ခက်ခဲနေပါတယ်။

‘သတင်းသမားတွေ ကိုယ်တိုင်ရှောင်နေရတယ်။ ကိုမင်းညိုအမှုကို ပထမပိုင်းမှာ လိုက်ပေးခဲ့တဲ့ ရှေ့နေလည်း ရှောင်နေရတယ်။ အခုလိုက်ပေးနေတဲ့အဖွဲ့တောင်သူက ချိတ်ပေးခဲ့ တာ။ ပရဟိတအဖွဲ့တွေလည်းရှောင်နေရတယ်”လို့  မညိုမီမိုးက ပြောပါတယ်။

ဆန္ဒပြသတင်းရယူနေတဲ့ ကိုမင်းညိုကို မတ်  ၃ ရက်မှာ အကြမ်းဖက်စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးခဲ့သလို ပြည်အကျဉ်းထောင်ကို မပို့ခင်  စစ်ကြောရေးမှာလည်း ရိုက်နှက်စစ်ဆေး ခဲ့ပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီက ကိုမင်းညိုကို ပုဒ်မ ၅၀၅(က)နဲ့တရားစွဲဆို ထောင်ချခဲ့တာ ဖြစ်ပြီး ဒီလုပ်ရပ်ကို သတင်းစာဆရာတွေက အပြင်းအထန်ကန့်ကွက်ရှုံ့ချ ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up