Home
မြန်မာသတင်း
DVB သတင်းထောက်အပါအဝင် ဖမ်းဆီးခံထားရသူအားလုံးကို ချက်ချင်းလွှတ်ရန် အေအိုင်အဖွဲ့ တောင်းဆို
DVB
·
May 14, 2021

ပြည်မြို့ အခြေစိုက် DVB သတင်းထောက် ကိုမင်းညိုအပေါ် ချမှတ်ထားတဲ့ ထောင်ဒဏ် ၃ နှစ်ပြစ်ဒဏ်ကို ပယ်ဖျက်ပေးဖို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (အေအိုင်)က မေလ ၁၂ ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်တောင်းဆိုပါတယ်။

ကိုမင်းညိုအပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းထောက်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်ရေးကာကွယ်သူတွေနဲ့ စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင် ဆန္ဒပြလို့ ထောင်ချခံနေရသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်။

ကိုမင်းညိုကို ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တာဟာ မြန်မာနိုင်ငံမှာ ဂျာနယ်လစ်တွေ ထိတ်လန့်စရာဆိုးရွားတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကိုပြသလိုက်တာပဲဖြစ်တယ်၊  မြန်မာပြည်မှာ သတင်းသမားတွေဟာ သူတို့ရဲ့အသက်နဲ့ လွတ်လပ်ခွင့်တွေကိုစွန့်ပြီး စစ်တပ်ရဲ့ မတရားဖိနှိပ်မှုတွေကိုဖော်ထုတ်နေတာဖြစ်တယ်၊  စစ်အာဏာပိုင်တွေဟာ သူတို့ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဖော်ထုတ်ဖို့ကြိုးစားသူတွေကို ရက်ရက်စက်စက်နှိပ်ကွပ်ဖို့ စိတ်ပိုင်းဖြတ်ထားသူတွေဖြစ်တယ်လို့     အေအိုင်အဖွဲ့ရဲ့  အရှေ့တောင်အာရှနဲ့ အရှေ့အာရှဒေသဆိုင်ရာ ဒါရိုက်တာ Emerlynne Gil က ပြောပါတယ်။  

မြန်မာပြည်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက  သတင်းသမားတွေ အတော်များများ တရားလက်လွတ်ထိန်းသိမ်းခံ၊ ခြိမ်းခြောက်ခံ၊ ဖမ်းဆီးခံ၊ ပစ်ခတ်ခံခဲ့ရတယ်။  မြန်မာနိုင်ငံမှာ သတင်းအလုပ်ဟာ တရားမဝင်တဲ့ရာဇဝတ်မှုဖြစ်နေခဲ့ပြီး ပြည်ပမှာ စတင်ထူထောင်ခဲ့တဲ့ ဒီဗွီဘီသတင်းဌာနဟာလည်း နောက်တကြိမ် လျှို့ဝှက်မြေအောက် သတင်းဌာနအဖြစ် တွန်းပို့ခံခဲ့ရတယ်လို့ လည်း အေအိုင်အဖွဲ့က ပြောပါတယ်။     

ပြည်မြို့အခြေစိုက် DVB သတင်းထောက် ကိုမင်းညိုကို စစ်အုပ်စုက  ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချကြောင်း မြန်မာပြည်တွင်းက ဂျာနယ်လစ်ကွန်ရက်တွေကလည်း စုပေါင်းကြေညာထားပါတယ်။ 

ပြည်မြို့မှာ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲ သတင်းယူနေတဲ့ DVB သတင်းထောက်ကိုမင်းညိုကို ရဲနဲ့စစ်တပ်က ရိုက်နှက်ဖမ်းဆီးထားပြီး   မေလ ၁၂ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အကျဉ်းထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခဲ့တာပါ။

ကိုမင်းညိုဟာ ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲခံခဲ့ရတာဖြစ်ပြီး အာဏာသိမ်း ကာလမှာ စစ်ကောင်စီတရားရုံးက  ပထမဆုံးထောင်ဒဏ်ချတာကို ခံလိုက်ရတဲ့ သတင်းထောက်ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024