အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က နိုင်ငံရေး ပါတီတွေကို တွေ့ဆုံညှိနှိုင်းဖို့ နေပြည်တော်ကို ဖိတ်ခေါ်ထားပါတယ်။
မေ ၂၁ ရက်မှာ နေပြည်တော်၊ UEC ရုံးကို လာရောက်ကြဖို့ ဖိတ်ခေါ်ထားတာဖြစ်ပြီး ပါတီ ဥက္ကဋ္ဌ/အတွင်းရေးမှူး ဒါမှမဟုတ် တာဝန်ရှိသူ တစ်ယောက်တက်ဖို့ ဖိတ်စာမှာ ဖော်ပြ ထားပါတယ်။
ဘာအကြောင်းဆွေးနွေးမယ်ဆိုတာ မပြောထားပေမဲ့ အချိုးကျ ကိုယ်စားပြုစနစ်(PR)ကို ကျင့်သုံးဖို့ကိစ္စ ဆွေးနွေးဖို့ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက ခန့်မှန်းကြပါတယ်။
စစ်ကောင်စီရဲ့ UEC ဟာ စစ်အာဏာသိမ်းပြီးစ ဖေဖော်ဝါရီ ၂၆ ရက်ကလည်း နိုင်ငံရေးပါတီ တွေနဲ့ ပထမအကြိမ် တွေ့ဆုံခဲ့ပြီး အဲဒီတွေ့ဆုံပွဲကို ၅၂ ပါတီ တက်ရောက်ခဲ့ပါတယ်။ ကြံ့ခိုင်ရေးပါတီနဲ့ မဟာမိတ်ပါတီတွေ အဓိက တက်ရောက်ခဲ့တာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီနဲ့ တခြားထင်ရှားတဲ့ တိုင်းရင်သားပါတီကြီး တွေကတော့ တက်ရောက်ခြင်းမရှိခဲ့ပါဘူး။