Home
မြန်မာသတင်း
တံတားဦးပညာရေးမှူးက CDM ဆရာ ဆရာမများ ကျောင်းပြန်တက်ရန် ခြိမ်းခြောက် ဖိအားပေး
DVB
·
May 13, 2021

မန္တလေးတိုင်း၊ တံတားဦးမြို့နယ် ပညာရေးမှူးဟာ ပညာရေးဌာနကို စစ်တပ်လိုသဘောထားပြီး တစ်သွေး တစ်သံ တစ်မိန့်နဲ့အုပ်ချုပ်  ပညာရေးဝန်ထမ်းတွေကို ကျောင်းပြန်တက်ဖို့ အတင်းအကျပ် ခြိမ်းခြောက် ဖိအားပေးနေတယ်လို့ တံတားဦးဒေသခံ  CDM ဆရာ ဆရာမတွေက ပြောပါတယ်။

ပညာရေးမှူး ဦးကျော်ကျော်မွန်ဟာသူဟာ စစ်တပ်ကနေ ပညာရေးလောကကို ဝင်ရောက်လာသူဖြစ်ပြီး နွေဦးတော်လှန်ရေး ကာလမှာ ကျောင်းအုပ်တွေကို  အရင်ဆုံး ဖိအားပေးနေတာလို့ ဒေသခံ ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။ 

“CDM လုပ်ထားတဲ့ ကျောင်းအုပ်တွေကို ဆက်သွယ်သင်တန်းတက်ခိုင်းတယ်။ သင်တန်းမတက်ရင် ပျက်ကွက်စာရင်းထဲ ပါသွားပြီး နင်တို့ကို တာဝန်က ရပ်နားပါတယ်ဆိုတဲ့ စာကို ငါ့လက်ရေးနဲ့ မပို့ချင်ဘူး။ ပျက်ကွက်ရင် နင်တို့မိသားစုလုံခြုံရေးကိုလည်း တာဝန်မယူဘူးလို့ ခြိမ်းခြောက်နေတာပါ။ အဲ့လိုခြိမ်းခြောက်မှုတွေကြောင့် ကျောင်းအုပ်တွေ Non CDM ကို ကူးပြောင်းသွားကြရတယ်”။ 

Non CDM ကျောင်းအုပ်တွေကတစ်ဆင့် သင်ကြားရေးဆရာဆရာမတွေနဲ့ စာရေးမတွေကို ခြိမ်းခြောက်တာ၊  ကျောင်းအုပ်တွေက ဆရာ ဆရာမတွေကိုသင်တန်းတက်ဖို့ အိမ်ထိလိုက်ခေါ်တာ၊  သင်တန်းလာမတက်ရင် အသိမပေးဘဲ လက်မှတ်အတုထိုးကာ CDM ကနေ Non CDM စာရင်းထဲ ပြောင်းထည့်တာတွေ ရှိနေတယ်လို့လည်းသိရပါတယ်။ 

ဒါ့အပြင် CDM လုပ်မယ်ဆိုရင် နွေရာသီလစာနဲ့  ချေးငွေ ၂ လစာကို ပြန်ဆပ်ရမှာဖြစ်ကြောင်း၊ မဆပ်ရင် နိုင်ငံတော်ငွေကြေးလိမ်လည်မှုနဲ့ တရားစွဲမှာဖြစ်ကြောင်း ခြိမ်းခြောက်နေတယ်လို့လည်းဆိုပါတယ်။

ဒါ့ကြောင့် CDM ဆရာ ဆရာမတွေဟာ နေအိမ်ကနေ တိမ်းရှောင်နေရပြီး စားဝတ်နေရေးပြဿနာကြုံနေရတယ်လို့ တံတားဦး CDM သူရဲကောင်းများအဖွဲ့က ပြောပါတယ်။

သင်တန်းလာမတက်တဲ့ ဆရာ ဆရာမတွေကို  လစာယူပြီး CDM လုပ်ရင် ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲမယ်၊ လစာမယူဘဲ CDM လုပ်ရင် တာဝန်က ရပ်ဆိုင်းမယ်ဆိုပြီး ပညာရေးမှူးနဲ့ ကျောင်းအုပ်တွေက ပြောဆို ဖိအားပေးနေတယ်လို့လည်းဆိုပါတယ်။ 

“ပြဿနာအမျိုးမျိုးကြားကနေ CDM ကိုတောင့်ခံနေကြတဲ့ ဝန်ထမ်းတွေ အများကြီးပါ။ ဒါဟာ စစ်အာဏာရှင်စနစ်နဲ့ စစ်ကျွန်ပညာရေးကို လုံးဝအလိုမရှိလို့ တိုက်ပွဲဝင်နေကြတာပါ။ CDM သူရဲကောင်းတွေကို အမျိုးမျိုးဖိအားပေး ခြိမ်းခြောက်နေတဲ့ ပုဂ္ဂိုလ်အသီးသီးကို ထိရောက်တဲ့အရေးယူမှုတွေ လုပ်ဆောင် ပေးဖို့တောင်းဆိုပါတယ်'' လို့ CDM သူရဲကောင်းများအဖွဲ့က ပြောပါတယ်။ 

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024