စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာ နယ်စပ်၊ တမူးမြို့နယ်တွင် မေလ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ မနက်ပိုင်းမှာ တမူးလုံခြုံရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ်တို့နဲ့ စစ်ကောင်စီအကြမ်းဖက်တပ်တို့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအကြမ်းဖက်တပ်ဘက်က ၂၀ ဦးဝန်းကျင် သေဆုံးခဲ့တယ်လို့ တမူးလုံခြုံရေးအဖွဲ့ TSG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မေလ ၁၁ ရက်နေ့က တမူးမြို့နယ်၊ ပန်းသာကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီ အကြမ်းဖက်တပ်ဘက်က ၅ ဦး သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ၁ ဦး ကျဆုံးခဲ့ပြီး မေလ ၁၂ ရက်နေ့ မနက်ပိုင်းမှာတော့ ကွန်းတောင်းရဲကင်းစခန်းအနီး တိုက်ပွဲမှာတော့ စစ်ကောင်စီ အကြမ်းဖက်တပ်ဖက်က ၁၀ ယောက်ကျော် သေဆုံးပြီး စစ်ကောင်စီကို ကူညီတဲ့ ကသည်းလူမျိုးဘက်က ၄ ဦး သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တမူးမြို့နယ်မှာ အာဏာသိမ်းပြီး ၂ လဝန်းကျင်ကတည်းက စစ်ကောင်စီ အကြမ်းဖက်တပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တို့ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး လက်ရှိအချိန်ထိ စစ်ကောင်စီဘက်က ၃၀ ထက်မနည်း သေဆုံးထားပြီး ပြည်သူဘက်ကလည်း အနည်းငယ် ကျဆုံးထားပါတယ်။