ကချင်ပြည်နယ်၊ နမ္မတီးမြို့မှာ မေ ၁၀ ရက် ည ၉ နာရီခွဲဝန်းကျင်က စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ လက်နက်ကိုင်တပ်တွေက သေနတ်နဲ့ပစ်လို့ ပြည်သူ တစ်ယောက်ကျဆုံးပြီး တစ်ယောက်ဒဏ်ရာရသွားပါတယ်။
နမ္မတီးမြို့ထဲက ချယ်ရီခေါက်ဆွဲဆိုင်အနားမှာ စစ်တပ်က သေနတ်နဲ့ပစ်တာကြောင့် ပြည်သူတယောက် ကျည်ထိမှန် ကျဆုံးခဲ့ပါတယ်။
ဒေသခံတစ်ဦးက "အလောင်းလာကောက်တဲ့သူတွေကိုလည်း ပစ်မယ်လို့ စစ်ကောင်စီ လက်နက်ကိုင်တွေက ပြောနေပါတယ်။ မည်းမည်းမြင် ရမ်းသမ်းခြောက်ပစ်တယ်လို့ သိရပါတယ်။ ကျနော်တို့မြို့မှာက အရင်ရက်ပိုင်းတွေအထိကို မာရှယ်လော (ညမထွက်ရ ကန့်သတ်ချက်) ည ၈ နာရီ နောက်ပိုင်း ဘာမှမဖြစ်ဘူး။ မလုပ်ဘူးထင်လို့ သွားလာနေကြသူတချို့လည်းရှိနေပါတယ်ဗျ"လို့ ပြောပါတယ်။
မြို့သာယာရပ်ကွက်မှာလည်း အသက် ၂၁ နှစ် အရွယ်လူငယ်တယောက် လက်မောင်းမှာ ကျည်ထိမှန်ထားပြီး ဒဏ်ရာပြင်းတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။