စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်အာဏာရှင် ဆန့်ကျင်တဲ့ ပြည်သူတွေကို အာဏာသိမ်း စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ လိုက်လံ ရှာဖွေဖမ်းဆီးနေပါတယ်။
ရွာအတွင်းမှာရော ရွာအပြင် အနီးနားက တောတွေထဲအထိပါ ရဲနဲ့ စစ်တပ်က လိုက်လံရှာဖွေဖမ်းဆီးနေရာမှာ မင်းမကျေးရွာအုပ်စုက ပြည်သူ့ ၂၃ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ မင်းမရွာသားတွေက ပြောပါတယ်။
ဖမ်းဆီးရာမှာ ထွက်ပြေးလွတ်မြောက်လာသူက "ကျနော်တို့ ကနီမြို့နယ်က သမင်ခြံရွာ၊ မုဌော၊ အောင်မင်္ဂလာ၊ ချောင်းမ၊ မင်းမ၊ စိမ့်အင်တိုင်းစတဲ့ ကျေးရွာတွေကို အာဏာသိမ်းစစ်ကောင်တပ်ဖွဲ့ဝင်တွေဟာ ရှာဖွေမှုတွေ ပြုလုပ်တယ်။ ဒီနေ့မနက်မှာ မင်းမအုပ်စု၊ စိမ့်အင်တိုင်းတောတိုက်ကို စစ်သား ၇၀ ကျော်နဲ့ ဖမ်းတာ။ ဦးကံဝင်းနဲ့ ယောက်ျားလေး ၂၃ ယောက်ကို ရိုက်နှက် ဖမ်းဆီးသွားတယ်။ အဲတော့ တိုက်အနီးက တဲမှာရှိတဲ့ ယောက်ျားလေးမှန်သမျှဖမ်းဆီးသွားတယ်ဗျ။ ဘာလို့ ဖမ်းထားတယ်ဆိုတာတော့ မသိဘူဗျ"လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ရွာထဲဝင်လာတာကြောင့် ကျေးရွာတွေမှာနေထိုင်တဲ့ ပြည်သူတွေ နီးစပ်ရာ တောတွေထဲ ပုန်းရှောင်နေရပါတယ်။ အဲဒီလို တိမ်းရှောင်နေရတဲ့အထဲက အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်ပြီး လူငယ်နဲ့ ကလေးငယ်တချို့လည်း သွေးလွန်တုပ်ကွေးရောဂါနဲ့ ဖြစ်ပွားနေပါတယ်။
လွန်ခဲ့တဲ့ တစ်ပတ်ကျော်ခန့်ကလည်း ဘာရောဂါကြောင့် သေဆုံးခဲ့ရတယ်လို့ အတည်မပြုနိုင်ဘဲ ၉ နှစ်အရွယ် မိန်းကလေး ၁ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။
လတ်တလော ကနီမြို့နယ်တွင်း ရွာပေါင်း ၄၀လောက်က ရွာသားပေါင်း ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရွာသားတွေအနေနဲ့ ကာကွယ်ဆေးဝါးတွေ၊ အစားအသောက်နဲ့ သောက်သုံးရေ အကူအညီ လိုအပ်နေပါတယ်လို့လည်း စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေက ကနီမြို့နယ်အတွင်း ကျေးရွာတွေကို ဝင်ရောက်ပြီး ပြည်သူတွေရဲ့ ပစ္စည်းတွေ ယူဆောင်တာနဲ့ ဖျက်ဆီးတာတွေလည်း ပြုလုပ်နေပါတယ်။