Home
ဆောင်းပါး
တရုတ်ဘာကြောင့် အကြမ်းဖက်စစ်အုပ်စုဘက်က ရပ်တည်နေသလဲ (ဆောင်းပါး)
DVB
·
May 10, 2021

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ၂၀၂၁ ခုနှစ် မေလအတွက် အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာတဲ့ နိုင်ငံက တရုတ်နိုင်ငံဖြစ်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Jun က မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးပဋိပက္ခ အခြေအနေတွေ ပိုပြီး ဆိုးရွားမလာစေရေးအတွက် သံတမန်ရေးနည်းလမ်းတွေ အသုံးပြုခြင်းအားဖြင့် ရှောင်ရှားနိုင်မယ်လို့ ယုံကြည်ကြောင်း မေလ ၄ ရက်နေ့ ဗွီအိုအေသတင်းမှာ ဖေါ်ပြပါတယ်။ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာချိန်မှာ လုပ်ဆောင်မယ့် လုပ်ငန်းတွေကို အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမယ့် နိုင်ငံက ရှင်းလင်းတင်ပြရတဲ့ အစဉ်အလာရှိပါတယ်။ မြန်မာနိုင်ငံ ပြည်တွင်းစစ်ဖြစ်လာဖို့ ရှိ/မရှိ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ တရုတ်သံအမတ်ကြီးက အထက်ပါ အတိုင်း ပြောကြားခဲ့ကြောင်း သိရတယ်။

သံတမန်ရေး ကြိုးပမ်းမှုတွေနဲ့ အခြေနေ ပိုမို တင်းမာမှု ဖြစ်မလာအောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်း သူက ဆိုပါတယ်။  တကယ်လို့ အခြေအနေ ပိုမို တင်းမာလာခဲ့ရင် ထိပ်တိုက်ရင်ဆိုင်မှုတွေ ပိုဖြစ်လာမယ်လို့ သူကသုံးသပ်ထားတယ်။  ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာရင် အကြမ်းဖက်မှုတွေ ပိုတိုးလာနိုင်ပြီး၊ ထိခိုက်သေဆုံးမှုတွေ ပိုများလာနိုင်တာကြောင့် မြန်မာနိုင်ငံတွင်း အခြေအနေ ယိုယွင်းမယ့် လမ်းကြောင်းပေါ် ရောက်သွားနိုင်တယ်လို့ ဆိုတယ်။ ဒီအပြင် ပြည်တွင်းစစ် ဖြစ်တဲ့ အနေအထားအထိ ဆိုက်ရောက်သွားနိုင်တယ်လို့ Zhang Jun က ပြောကြားခဲ့တယ်။

တရုတ်အနေနဲ့ လက်ရှိမြန်မာ့အရေးကို တကယ်ပဲ သံခင်းတမန်ခင်းအရ ဖြေရှင်းနိုင်တယ်လို့ ရိုးရိုးသားသား ယုံကြည်တာလား။ ဒါမှမဟုတ် အခြေအနေမလှတော့တဲ့ သူ့ရဲ့သစ္စာခံ စစ်ကောင်စီကို ပြန်လည်ကျားကန်ပေးနိုင်ရေးအတွက် အချိန်ဆွဲနေတာလားဆိုတာ သံသယဖြစ်စရာ ကောင်းပါတယ်။ လက်ရှိ အခြေအနေမှာ ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု  ရက်ပေါင်း ၉၀ ကျော်လာချိန်အထိ ပြည်သူလူထုရဲ့ ဆန့်ကျင်တော်လှန်မှုကို စစ်တပ်က အကြမ်းဖက်ထိန်းချုပ်ဖို့ ကြိုးစားပေမယ့် ထိန်းချုပ်နိုင်ခြင်း မရှိတာတွေ့နေရတယ်။ 

ဂျန်ဇီလို့ခေါ်တဲ့ လူငယ်မျိုးဆက်သစ်တွေရဲ့ နိုင်ငံရေးသန္နိဋ္ဌာန်ခိုင်မာမှုဟာ ဘယ်တုန်းကနဲ့မှ မတူအောင် ပြင်းပြထက်သန် နေတာတွေ့ရတယ်။ နွေဦးတော်လှန်ရေးလို့ အမည်တွင်တဲ့ လက်ရှိစစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ တော်လှန်ရေးဟာ စစ်တပ်က အာဏာမစွန့်လွှတ်သရွေ့၊ ဖမ်းဆီးထားသူအားလုံး ပြန်လွှတ်ပြီး၊ ရွေးကောက်ခံ ပြည်သူ့အစိုးရထံ အာဏာပြန် လည် လွှဲအပ်မပေးသရွေ့၊ အနိုင်မခံ အရှုံးမပေးဘဲ ဆက်လက်တိုက်ပွဲ ၀င်နေကြမှာဖြစ်တယ်လို့ ကြေညာထားတယ်။ ဒီအခြေအနေကို တရုတ်နိုင်ငံအနေနဲ့ ကောင်းကောင်း သိရှိထားလိမ့်မယ်လို့ယူဆတယ်။ 

တရုတ်အနေနဲ့အာဆီယံအဖွဲ့ကို အသုံးချပြီး သံတမန်နည်းအရ အခြေအနေ ပြေလည်အောင် ကြိုးစားတဲ့ရည်ရွယ်ချက်က အရင်အခြေအနေအတိုင်း ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ပိုနေမြဲ ကျားနေမြဲ (Status quo) ပြန်နေကြဖို့ နားချလိုပုံရပါတယ်။ ဒါမှသာ မြန်မာ့ရေမြေတောတောင် သယံဇာတတွေကို တရုတ်က ဆက်လက် လက်ဝါးကြီးအုပ်နိုင်မှာလို့ ယူဆပုံပါပဲ။ စစ်တပ်က အာဏာလက်မဲ့ ဖြစ်သွားရင် မြန်မာနိုင်ငံကို တရုတ်ထိန်းချုပ် သွေးစုပ်လို့ ရတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် အရပ်သားအစိုးရ လက်ထဲ အချုပ်အချာအာဏာ ပြန်ရရှိသွားမှာကို တရုတ်က မလိုလားပါဘူး။ မင်းအောင်လှိုင်ရဲ့ အကြမ်းဖက် အာဏာသိမ်းမှု ကျူးလွန်မယ့် အခြေအနေကို တရုတ်က ကြိုတင်သိရှိခဲ့တယ်လို့ ယူဆနိုင်လောက်တဲ့ အထောက်အထားတွေလည်း ရှိခဲ့တယ်။ တရုတ်ကသာ အာဏာသိမ်းမယ့် အစီအစဉ်ကို မထောက်ခံခဲ့ရင် မြန်မာနိုင်ငံ အခြေအနေ အခုလို ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစရာ ဖြစ်လာမှာ မဟုတ်ဘူး။ တရုတ်ကိုယ်နှိုက်ကိုက  မြန်မာပြည်သူလူထုရဲ့ နိုင်ငံရေးနိုးကြားမှုအပေါ် အထင်သေးခဲ့ပုံရပါတယ်။ အာဏာသိမ်းလိုက်ရင်လည်း မြန်မာပြည်သူတွေ ခေါင်းငုံ့ခံနေကြ လိမ့်မယ်လို့ ထင်မြင်နေပုံရတယ်။ မြန်မာပြည်သူကို အထင်သေးမှု အတိုင်းအတာအရတော့ မင်းအောင်လှိုင်နဲ့ ရှီကျင့်ဖျင်၊ ၀မ်ယီတို့ တထပ်တည်းလို့  ဆိုရမှာ ဖြစ်တယ်။ 

တရုတ်အနေနဲ့ သံတမန်နည်းအရ စွမ်းဆောင်နိုင်မယ်လို့ ရိုးရိုးသားသား ထင်ရင် သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူ အားလုံး ပြန်လွှတ်ပေးဖို့ အကြမ်းဖက် စစ်တပ်ကို တိုက်တွန်းသင့်တယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုခိုင်းဖို့လည်း လိုတယ်။ မင်းအောင်လှိုင်စစ်ကောင်စီအနေနဲ့အဲဒီလို တောင်းဆိုမှုကို လက်ခံနိုင်မှာ မဟုတ်သလို နွေဦးတော်လှန်ရေး ဘက်တော်သားတွေကလည်း ၂၀၀၈ ဖွဲ့စည်းပုံအောက်ကို လုံးဝ ပြန်သွားမှာ မဟုတ်ဘူး။ ဒီအခြေအနေကိုကြည့်ရင် တရုတ်သံအမတ်ကြီး Zhang Jun ရဲ့ သံတမန်ရေးနည်းလမ်း အသုံးပြုခြင်း ဆိုတဲ့နည်းဟာ လုံးဝအလုပ်ဖြစ်မှာ မဟုတ်ကြောင်း ထင်ရှားပါတယ်။ 

တရုတ်အစိုးရအနေနဲ့ အာဆီယံအဖွဲ့ကြီးကို မြန်မာ့အရေးကိစ္စမှာ အဓိကနေရာကနေ ပါဝင်သင့်တယ်လို့ ရှုမြင်ကြောင်း လည်း Zhang Jun က ဆိုတယ်။ အာဆီယံဟာ မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ အခြေအနေကို သိရှိနားလည်ကြတယ်။  အာဆီယံဒေသတွင်း အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒေသတွင်းပြဿနာကို ကိုင်ကွယ်ဖြေရှင်းရာမှာ အဓိက ကဏ္ဍကနေ ပါဝင်သင့်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးက  ဆိုတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံ ဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလကို ပြန်သွားနိုင်သေးတဲ့ အချိန်ဖြစ်ကြောင်းလည်း Zhang Jun က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးစု အများအပြား ရှိတဲ့နိုင်ငံဖြစ်တဲ့အတွက် အကိုင်အတွယ်မှားရင် ပရမ်းပတာ ဖြစ်သွားနိုင်ကြောင်း၊ တရုတ်အစိုးရကတော့ မြန်မာနိုင်ငံကို နဂို အခြေအနေ ပတ်ဝန်းကျင် ပြန်ရောက်စေလိုတဲ့အတွက်  နိုင်ငံရေးပါတီတွေကနေတဆင့် နိုင်ငံရေးအဖြေရှာနိုင်ရေး လုပ်ဖို့ဘက်က ခိုင်ခိုင်မာမာ ရပ်တည်တယ်လို့ ဆိုတယ်။

တရုတ်အစိုးရဟာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အနီးကပ်လက်တွဲ ဆောင်ရွက်နေပြီး အကြမ်းဖက်မှု၊ လူသေဆုံးမှုတွေ ရှောင်ပြီး ဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းနေကြောင်းလည်း Zhang Jun က ဆိုတယ်။ မြန်မာနိုင်ငံပြဿနာကို သံတမန် နည်းလမ်းအရ အာဆီယံအစည်းအဝေးကတဆင့် အဖြေရှာသင့်တယ်လို့ တရုတ်နိုင်ငံ အပါအဝင်  လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက သဘောတူခဲ့ကြတာကြောင့် ဧပြီ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးကျင်းပခဲ့တယ်။ အစည်းအဝေးအပြီးမှာ  မြန်မာစစ်ကောင်စီ အနေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ရမယ်ဆိုတဲ့ အချက်အပါအဝင် အချက် ၅ ချက်ပါ အာဆီယံ ဘုံသဘောတူ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး အာဆီယံ ဥက္ကဋ္ဌက ထုတ်ပြန်ကြေညာခဲ့တယ်။ 

ကြေညာချက်အရ အကြမ်းဖက်မှု ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး အစွမ်းကုန် သည်းခံထိန်းသိမ်းရမယ်။ မြန်မာနိုင်ငံသားများရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး ငြိမ်းချမ်းစွာ အဖြေရှာရမယ်။ သက်ဆိုင်သူအားလုံး အပြုသဘော တွေ့ဆုံဆွေးနွေးကြရမယ်။ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်က အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ အကူအညီနဲ့ တွေ့ဆုံ ဆွေးနွေးရေးကိစ္စအတွက် ညှိနှိုင်းဆောင်ရွက်ပေးရမယ်။ အာဆီယံအဖွဲ့ရဲ့ လူမှုအထောက်အကူပြုစင်တာကတဆင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်နိုင်ရေး ဆောင်ရွက်ရမယ်။ ပဉ္စမအချက်က အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံနိုင်ခွင့် ရရှိအောင် ဆောင်ရွက်ရမယ် အစရှိတဲ့ အချက် ၅ ချက် ပါဝင်တယ်လို့ ဆိုတယ်။

ဖေါ်ပြပါ အာဆီယံ ဘုံသဘောတူချက်  ၅ ချက် ဟာ တရုတ်က မြန်မာ စစ်ကောင်စီနဲ့ သဘောတူ စီစဉ်ရေးဆွဲထားတဲ့ လမ်းညွှန်မူ ဖြစ်တယ်လို့ နိုင်ငံရေးသုံးသပ်သူများက ယူဆကြတယ်။ ဘာကြောင့်လည်းလို့ဆိုရင် မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှားတို့က ဦးဆောင်တောင်းဆိုခဲ့ကြတဲ့ နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေကို ချက်ခြင်းပြန်လွှတ်ပေးဖို့ ဆိုတဲ့အချက်ကို နောက်ဆုံး အာဆီယံ (၁၀) နိုင်ငံသဘောတူညီချက် ၅ ချက်မှာပါဝင်လာခြင်း မရှိခဲ့တာကြောင့် ဖြစ်တယ်။

သံတမန်နည်းသုံးမယ်ဆိုရင် တွေ့ဆုံဆွေးနွေးကြရမှာ ဖြစ်တယ်။ ဒါကြောင့် အဓိက ပါ၀င်ဆွေးနွေးရမယ့် ပုဂ္ဂိုလ်တွေကို အကျဉ်းချထားပြီး ပြဿနာဖြေရှင်းရေးလုပ်ဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် တရုတ်နိုင်ငံအနေနဲ့ အရင်ဆုံးလုပ်ရမယ့်အလုပ်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေကို လွှတ်ပေးဖို့ စစ်ကောင်စီကို ဖိအားပေးရမှာ ဖြစ်တယ်။ ဒါပေမဲ့ မင်းအောင်လှိုင်က NLD ပါတီကို အကြောက်လွန်နေတယ်။ ဒါကြောင့် NLD ပါတီကို ခေါင်းမထောင်နိုင်အောင် နှိပ်ကွပ်ချင်တဲ့ အငုံ့စိတ်ရှိနေတယ်။ အမှန်က စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လုပ်ကြံအကြောင်းပြပြီး အာဏာသိမ်းခဲ့တာဖြစ်တယ်။ အမှန်စင်စစ်၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတကြောင်း ပြည်တွင်းပြည်ပက အသိအမှတ်ပြုပြီးဖြစ်တယ်။

ဒါကြောင့် ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Jun က လက်ရှိ မြန်မာနိုင်ငံ နိုင်ငံရေးပဋိပက္ခကို သံတမန်ရေး နည်းလမ်းတွေ (Diplomatic  ways and means) အသုံးပြုခြင်းအားဖြင့် ဖြေရှင်းသင့်တယ်လို့ဆိုတယ်။ Zhang Jun ကလည်း မင်းအောင်လှိုင်ရဲ့အလိမ်အညာစကားအတိုင်း ပြဿနာက ရွေးကောက်ပွဲအပေါ်အခြေခံပြီး ဖြစ်တာကြောင့် နိုင်ငံရေးပါတီအားလုံး ပါ၀င်ညှိနှိုင်းဆွေးနွေးဖိုလိုတယ်လို့ ဆိုတယ်။ အဲဒီစကားကို ထောက်ရင် တရုတ်အစိုးရနဲ့ မြန်မာ အကြမ်းဖက် စစ်ကောင်စီဟာ တကျိတ်တည်း တဉာဏ်တည်းဆိုတာ ပေါ်လွင်နေတယ်။ 

ကုလသမဂ္ဂ လုံခြံုရေးကောင်စီမှာ ဧပြီ ၃၀ ရက်နေ့ တံခါးပိတ်အစည်းအဝေးအတွင်း မြန်မာစစ်ကောင်စီကို အဓိက ကျောထောက်နောက်ခံပေးနေတဲ့ တရုတ်နဲ့ ရုရှားတို့ ကန့်ကွက်မှုမရှိစေဖို့ အနောက်နိုင်ငံတွေက အလျှော့ပေးခဲ့ရတယ်လို့ ဆိုတယ်။ အဲဒီနောက်မှ ထုတ်ပြန်ချက်ကို အတည်ပြုနိုင်ခဲ့ကြောင်းသိရတယ်။ "ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းတဲ့အပေါ် လုံခြုံရေးကောင်စီက နောက်တကြိမ် ထပ်ပြီး အပြင်းအထန် ပြစ်တင်ရှုတ်ချတယ်" ဆိုတဲ့စာသားနဲ့ "စစ်တပ်အနေနဲ့ အစွမ်းကုန် ထိန်းသိမ်းလုပ်ဆောင်ဖို့ ထပ်မံတောင်းဆိုတယ်" ဆိုတဲ့ စာသားတွေကို တရုတ်နဲ့ ရုရှားတို့ရဲ့ တောင်းဆိုချက်ကြောင့် ဖြုတ်ပေးခဲ့ရတယ်လို့ ဗွီအိုအေသတင်းမှာ ဖေါ်ပြတယ်။ လုံခြုံရေးကောင်စီမှာ တရုတ်ရဲ့အကာအကွယ်ရရှိဖို့ မြန်မာ့ရေမြေတောတောင်သဘာဝနဲ့ သယံဇာတတွေကို တရုတ်က ချယ်လှယ်ခွင့် ရနေတဲ့ အကြောင်းရင်း က အဲဒီလို ကိစ္စတွေ ဖြစ်ပါတယ်။ 

စစ်ကောင်စီဟာ နိုင်ငံကို တရုတ်ထံ ထိုးအပ်ပြီး သူ့အာဏာတည်မြဲရေးအတွက် ပြည်သူ့မျက်နှာကို မကြည့်ဘဲ မိုက်မိုက်မဲမဲ လုပ်နေတာဖြစ်တယ်။ ဒီမိုကရေစီ အရပ်သား အစိုးရ အာဏာရခဲ့ရင် စစ်အုပ်စုရဲ့ အကျင့်ပျက် လာဘ်စားမှု၊ လူ့အခွင့်အရေးချိုးဖေါက်မှု နိုင်ငံပိုင် မြေယာနဲ့ သယံဇာတတွေကို အလွဲသုံးစားလုပ်မှု စတဲ့ အမှုပေါင်း ကုဋေကုဋာနဲ့ တကွ စစ်ရာဇဝတ်မှု ပေါင်းများစွာကို ဖေါ်ထုတ်ခံရမှာ ကြောက်တဲ့အတွက် တရုတ်နဲ့ အပေးအယူလုပ်ပြီး အာဏာသိမ်းခဲ့ခြင်းဖြစ်တယ်။ ဒီကနေ့ မြန်မာနိုင်ငံပြဿနာဟာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်လိုတဲ့ တိုင်းရင်းသားပြည်သူ လူထုနဲ့ ဖက်ဆစ်စစ်အာဏာရှင်စနစ် ထူထောင်လိုတဲ့ အကြမ်းဖက်ဂိုဏ်းတို့ကြားက စေ့စပ်လို့ မရတော့တဲ့ တိုက်ပွဲဖြစ် တယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံအများစုကလည်း အာဏာရှင်တပိုင်း အစိုးရတွေ လက်အောက်မှာ ရှိနေတဲ့အတွက် တရုတ်အလိုကျ မင်းအောင်လှိုင် အကြမ်းဖက်အုပ်စုကို မသိမသာ ကာကွယ်နေကြတယ်။ 

မြန်မာ့ နွေဦးတော်လှန်ရေး (သို့မဟုတ်) ဒီမိုကရေစီအရေးတော်ပုံဟာ အာဆီယံဒေသတခုလုံးအထိ ကူးစက်ကျယ်ပြန့်လာမှာကို တရုပ်အပါအဝင် ဒေသတွင်း နိုင်ငံတွေ စိုးရိမ်နေကြပုံရတယ်။ ဒီနေ့ မြန်မာ့နွေဦးတော်လှန်ရေးကို ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့အပါအဝင် ကမ္ဘာတလွှား နိုင်ငံအတော်များများက Gen-Z မျိုးဆက်သစ်လူငယ်တွေ ဒစ်ဂျစ်တယ်နည်းပညာ သုံးပြီး ၀န်းရံ ထောက်ခံ အားပေးနေတာကို စိုးရိမ်ထိတ်လန့်ကြပုံရပါတယ်။ 

အာဆီယံနဲ့ အာရှဒေသမှာ ဒီမိုကရေစီ ကျယ်ကျယ် ပြန့်ပြန့် ထွန်းကားစေချင်ရင် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မြန်မာ့နွေဦးတော်လှန်ရေးကို အားပေးထောက်ခံ ၀န်းရံကြဖို့လိုတယ်။ ဒီတိုက်ပွဲမှာ မြန်မာဂျန်ဇီးတို့ရဲ့ အရှိန်အဟုန် မပျက်တဲ့ လမ်းမပေါ်က ဆန္ဒပြပွဲများ၊ Civil Disobedience Movement (CDM) လှုပ်ရှားမှုရဲ့ အရေးပါမှု၊  CRPH နဲ့  NUG တို့ရဲ့ အခန်းကဏ္ဍနဲ့ KNU, KIA အစရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲများရဲ့ ရဲရင့်တဲ့ ပူးပေါင်းပါ၀င်မှုများကြောင့် အဆုံးအဖြတ်တိုက်ပွဲမှာ အောင်မြင်မှာ မုချဖြစ်တယ်။ 

ဒီတိုက်ပွဲနိုင်မှသာ အာရှတိုက်မှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားမှာဖြစ်တယ်။ တရုတ်ရဲ့ခေတ်သစ်နယ်ချဲ့ စနစ် ခြေလှမ်းကို ရိုက်ချိုးနိုင်မှာဖြစ်တယ်။ ဒီကနေ့ တောင်တရုတ်ပင်လယ်အရေးနဲ့ မြန်မာ့နွေးဦးတော်လှန်ရေးတို့ဟာ တဆက်တစပ် တည်းဖြစ်တယ်ဆိုတာ သတိပြုဖို့လိုတယ်။ အခု မေလ ၄ ရက် လန်ဒန်မှာ ပြုလုပ်တဲ့ G-7 စက်မှုဖွံ့ဖြိုး ထိပ်သီး(၇)နိုင်ငံ အစည်းအဝေးမှာ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဂျပန်နိုင်ငံတို့မှ ခေါင်းဆောင် တွေ တက်ရောက်ကြတယ်။  ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Dominic Raab က အဲဒီ အစည်းအဝေးမှာ မြန်မာကိစ္စအပါအဝင် တရုတ်၊ ရုရှား၊ အီရန်တို့နဲ့ ဆက်ဆံရေး အကျပ်အတည်းကိစ္စတွေ ဆွေးနွေးတာ သတိပြုသင့်တယ်။ 

လတ်တလောမှာ တရုတ်က မြန်မာ့အရေးမှာ အနောက်နိုင်ငံတွေ ၀င်ပါမလာနိုင်အောင် သံတမန်ရေး နည်းလမ်းတွေ အသုံးပြုပြီး ဖြေရှင်းပါလို့အာဆီယံအဖွဲ့ကို ဖိအားနေတာဖြစ်တယ်။ တနည်းအားဖြင့် မင်းအောင်လှိုင် အသက်ရှူခွင့်ရအောင် အချိန်ဆွဲပေးနေခြင်း ဖြစ်တယ်။ မြန်မာပြည်သူတို့ရဲ့ နွေဦးတော်လှန်ရေး ဆန္ဒပြပွဲများကို အရှိန်လျော့ကျလာအောင် ရေရှည် စီမံကိန်းချ အချိန်ဆွဲပေးနေတာ ဖြစ်တယ်။ တနည်းအားဖြင့် မင်းအောင်လှိုင်ကို ရုပ်သေးအစိုးရဖြစ်အောင် ဖန်တီးပြီး မြန်မာနိုင်ငံကို တရုတ် လက်အောက်ခံဖြစ်ဖို့ ကြံစည်နေတာဖြစ်တယ်။ ဒါကြောင့် တရုတ်နဲ့အာဆီယံတို့ ရေးဆွဲထားတဲ့ နိုင်ငံရေးဇာတ်မျောကြီးထဲမှာ CRPH နဲ့  NUG တို့ ၀င်ပြီး မကပြမိဖို့ သတိရှိရပါမယ်။ မြန်မာပြည်သူတွေ ကိုယ်တိုင်ဆင်နွှဲနေတဲ့ လက်ရှိတိုက်ပွဲတွေကိုပဲ တဆင့်ပြီး တဆင့် မြှင့်တင်သွားခြင်းဖြင့် အောင်ပွဲရအောင် ကြိုးပမ်းကြပါလို့ နှိုးဆော်လိုပါတယ်။

နန္ဒလင်းရှိန်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024