ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာ ဘူတာစုရပ်ကွက်မှာ မေ ၉ ရက် မနေ့ည ၇ နာရီလောက်က ရွာသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူ အိမ်နီးချင်းတွေဆီက သိရပါတယ်။
သေဆုံးသူဟာ မော်ဟန်ကျေးရွာ ဘူတာစုရပ်ကွက်က ဦးတင်ဇောယု ဆိုသူဖြစ်ပြီး ရပ်ကွက် ဆယ်အိမ်မှူး လုပ်ဖူးသူလို့လည်း သိရပါတယ်။ သူ့ကို နေအိမ်ထဲမှာ ထိုင်နေစဉ် သူစိမ်းနှစ်ယောက်က အိမ်ထဲထိဝင်လာပြီး အနီးကပ် သေနတ်နဲ့ ပစ်သတ်သွားခဲ့တာလို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်ကို မျက်မြင်တွေ့ရှိလိုက်သူ အသက် ၇၀ ကျော် အဘွားအိုတဦးလည်း အဲဒီမြင်ကွင်းကြောင့် ရုတ်တရက် မူးမေ့လဲကျခဲ့ပြီး ဆေးကုသမှု ခံယူနေရတယ်လို့လည်း ကာယကံရှင်တွေနဲ့နီးစပ်သူတွေက ပြောပါတယ်။
မနေ့ည သန်းခေါင်အချိန်မှာပဲ မော်ဟန်ကျေးရွာကနေ ဆိုင်ကယ်နဲ့ တစ်နာရီကျော်သွားရတဲ့ ကျောက်စိမ်းထွက်ရှိရာ တောင်းစိမ်းမှော်မှာလည်း ဒလန်လို့ ယူဆရသူတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့တယ်လို့ တောင်းစိမ်းရွာသားတွေက ပြောပါတယ်။