Home
မြန်မာသတင်း
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြေရှားသတ္တုတရားမဝင် တူးဖော်မှုမြင့်တက်လာ
DVB
·
May 10, 2021

မြန်မာနိုင်ငံမှာ  ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း  မြန်မာစစ်တပ်ရဲ့ ပြည်သူ့ စစ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ဒေသတွေမှာ  တရားမဝင်မြေရှားသတ္တု တူးဖော်မှု မြင့်တက်လာကြောင်း  Bangkok Post  သတင်းစာမှာ ဖော်ပြပါတယ်။

အဆိုပါဒေသတွေဟာ တရုတ်နယ်စပ်နဲ့ ထိစပ်နေတဲ့ ကချင်ပြည်နယ် မြောက်ပိုင်းက ချီဗွေမြို့နယ် ပန်းဝါဒေသဖြစ်ပြီး အခုလို နိုင်ငံရေးမငြိမ်သက်မှု ဖြစ်နေချိန်မှာ  အရင်ကထက် ထူးဖော်ထုတ်ယူမှု ၅ ဆအထိ မြင့်တက်လာတယ်လို့ ဒေသခံသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းမှာဖော်ပြပါတယ်။

အာဏာမသိမ်းခင်က တစ်ရက်ကို ကားနှစ်စီးလောက်ပဲ တွေ့ရပေမယ့်အခုတော့ ၁၀ စီးကနေ ၁၅ စီးလောက်အထိများလာတာများတွေ့ရကြောင်း၊ ကားတွေပေါ်မှာလည်း မြေရှားသတ္တု ထုတ်ယူတဲ့အခါ သုံးတဲ့  အမိုနီယမ်ဆာလဖိတ် ဓာတ်မြေသြဇာအိတ်တွေ ပါလာလေ့ရှိကြောင်း၊ ကိုဗစ်ကာလမှာ နယ်စပ်ဒေသ ကူးသန်းသွားလာမှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပေမဲ့   မြေရှားသတ္တု တင်သွင်းတဲ့ ကားတွေ  အလွယ်တကူပင် ဖြတ်သန်းသွားလာနေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေရဲ့  ပြောကြားချက်ကို ကိုးကားပြီး ဧရာဝတီ သတင်းဌာနမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ  တရုတ်နိုင်ငံအတွက် မြေရှားသတ္တု အဓိကထောက်ပံ့ပေးတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာပြီး တရုတ်နိုင်ငံက တင်သွင်းတဲ့ မြေရှားသတ္တု  ထက်ဝက်ကျော်ကို မြန်မာနိုင်ငံမှ ရရှိနေကြောင်း ၊ အဆိုပါ  ချီဗွေမြို့နယ် ပန်းဝါဒေသသို့ ၂၀၁၆ ခုနှစ်လောက်မှာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ ဝင်ရောက်လာခဲ့ကြောင်း၊ တရုတ်ပြည်မှာ မြေရှားသတ္တု တရားမဝင်တူးဖော်မှုများလာလို့ ၂၀၁၀ မှာ ပိတ်လိုက်ရတဲ့အတွက်  ဒီ နောက်ပိုင်း မြန်မာဘက်ကို တရုတ်စီးပွားရေးသမားတွေ  ရောက်လာခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ အကောက်ခွန်ဌာနမှ ရရှိတဲ့ ကိန်းဂဏန်းတွေအရ  တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက မြေရှားသတ္တုကို အလွန်အမင်းမှီခိုနေရကြောင်း၊၂၀၂၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံကနေ တင်သွင်းမှု  ၂၃ ရာခိုင်နှုန်းအထိ မြင့်တက်လာတဲ့အတွက် တစ်နှစ်ကို တန်ချိန် ၃၅၅၀၀ အထိရောက်ရှိလာခဲ့ကြောင်း၊ ဒီပမာဏမှာ တရုတ်နိုင်ငံမှ တင်သွင်းတဲ့  စုစုပေါင်း တင်သွင်းမှု ပမဏရဲ့ ၇၄  ရခိုင်နှုန်း ရှိကြောင်း တရုတ်သတင်းဌာနတစ်ခုဖြစ်တဲ့ The Global Times မှာလည်း ရေးသားဖော်ပြထားပါတယ်။

ကမ္ဘာပေါ်မှာ  မြေရှားသတ္တု အမျိုးအစား ၁၇ မျိုးရှိပြီး ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ လျှပ်စစ်ကားနဲ့ တခြား အီလစ်ထရောနစ် ပစ္စည်းထုတ်လုပ်မှုအတွက်သုံးစွဲနေကြပါတယ်။  

မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာ  မြေရှားသတ္တု  အမျိုးအစား ၅ မျိုးထွက်ရှိပြီး အဆိုပါ ပန်းဝါဒေသ ပြည်သူ့စစ်တွေထိန်းချုပ်ထားရာဒေသမှာ  လုပ်ကွက်ပေါင်း၁၀၀ ကျော်လောက်ရှိနိုင်ကြောင်း ကချင်ပြည်နယ်ရှိ  မြေရှားသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက ခန့်မှန်းပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024