စစ်ကိုင်းတိုင်း ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူမြို့ စီပိန်းကျေးရွာနားက စီပိန်းတံတားဟာ မေ ၈ ရက် မနက် ၂ နာရီလောက်က မိုင်းခွဲဖျက်ဆီးခံထားရတယ်လို့ ရွှေဘို-မြစ်ကြီးနား ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။
မိုင်းခွဲဖျက်ဆီးမှုကြောင့် တံတားကြမ်းပြင်ဟာ ဧရာမအပေါက်ကျယ်ကြီး ဖြစ်သွားခဲ့ပြီး တံတားအောက်ခြေတိုင်တစ်ချောင်းဟာ ယိုင်သွားခဲ့တယ်လို့လည်း သိရပါတယ်။
ဒီတံတား ပျက်စီးမှုဟာ လက်တလောမှာ ခရီးသည်တင် Express အပါအဝင် ကုန်တင်ကားကြီးတွေ ဖြတ်သန်းသွားလာလို့ မရနိုင်တော့ဘဲ အိမ်စီးကားလိုမျိုး ယာဉ်ငယ်လေးတွေပဲ ခက်ခက်ခဲခဲ ဖြတ်သန်းသွားလာလို့ ရတဲ့အခြေအနေ ရောက်သွားတယ်လို့ ပိတ်မိနေတဲ့ယာဉ်မောင်း တစ်ဦး ပြောပါတယ်။
“ကျနော်တို့ ကားကြီးတွေက ဘယ်လိုမှ ဖြတ်လို့ မရနိုင်တော့ဘူး။ ကားပေါက်စတောင် မနည်းဖြတ်ရတာ၊ အန္တရာယ်တော်တော်များတယ်။ ကချင်ပြည်နယ်ကတော့ ကုန်ဈေးနှုန်းက ပြန်တက်ဦးမှာပါ "လို့ ကုန်တင်ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။
ဒီတံတားဟာ ကချင်ပြည်နယ်နဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်အပါအဝင် အောက်ပြည်အောက်ရွာက မြို့ရွာအများအပြားနဲ့ ဆက်သွယ်သွားလာရာမှာ အဓိက အရေးပါတဲ့ တံတားတစ်စင်းဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ကချင်ပြည်နယ်အတွက် ကုန်စည်စီးဆင်းမှုအများစုကို ဒီလမ်းကြောင်းကနေ အသုံးပြုနေကြတာဖြစ်ပြီး ဒီတံတားကို အမြန်ဆုံး မပြုပြင်နိုင်ပါက ဖားကန့် အပါအဝင် ကချင်ပြည်နယ်အတွင်း ကုန်စည်ပြတ်လပ်မှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေ ဖြစ်လာနိုင်တယ်လို့လည်း အမည်မဖော်ပြလိုသူ ဖားကန့်-မန္တလေး မော်တော်ယာဉ်အသင်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။
“ဒီတံတား အမြန်ဆုံးမပြင်နိုင်ရင် အဓိက ဖားကန့်၊ တနိုင်းနဲ့ ရှဒူဇွပ် အပါအဝင် ကချင်ပြည်နယ်တကြောကတော့ အကုန်ဈေးတက်မှာ သေချာတယ်။ မကြာဘူးကြည့်နေ၊ ကုန်ဈေးနှုန်းတွေ ခေါင်ခိုက်တော့မှာ” လို့ မော်တော်ယဉ်အသင်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။
အခုလို တံတားကို မိုင်းခွဲ ဖျက်ဆီးတာနဲ့ပတ်သက်လို့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကမှ ဝန်ခံပြောဆိုတာမျိုး မရှိသေးပါဘူး။
ဒီတံတားကို မတ် ၂၇ ရက်ကလည်း တကြိမ် မိုင်းခွဲ ဖျက်ဆီးခဲ့ပြီး အပျက်အစီး ကြီးကြီးမားမား မရှိခဲ့ဘဲ အခုအကြိမ်ဟာ ဒုတိယအကြိမ်ဖြစ်တယ်လို့လည်း စီပိန်းရွာသားတွေက ပြောပါတယ်။
ZMH