စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာသန်းကျေးရွာမှာ မေလ ၇ ရက် မနက် ၃နာရီက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်အကြမ်းဖက်ရှာဖွေခဲ့ပြီး မိုးရွာနေစဉ် အရက်မူးပြီး အိပ်ပျော်နေတဲ့ အသက် ၄၀ အရွယ်ရွာသား ဦးဇော်ဝင်းကို အကြောင်းရင်းမရှိ ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၆ ရက်နေ့တုန်းကလည်း ရွာကို စစ်တပ်က ဝင်စီးသွားခဲ့ပြီး ထွက်ပြေးသွားတဲ့ လူငယ်ရဲ့ ဆိုင်ကယ်ကို သေနတ်နဲ့ လှမ်းပစ်ခဲ့ပါတယ်။
ဒါ့အပြင် ရွာက လူနေအိမ်တွေနဲ့ စျေးဆိုင်တွေကနေ ဆန်အိတ်တွေ၊ စားစရာတွေ ထမ်းသွားကာ သိုးကျောင်းနေတဲ့ သိုးကျောင်းသားဆီက သိုးတွေ လုယူသွားတယ်လို့ သိရပါတယ်။
" ရွာကလူတွေက မိုးရွာကြီးထဲ ကလေးတွေပိုက်ပြီး ပြေးရတာ။ သူတို့လာရင် ပြေးရတာကို သူတို့က သဘောကျနေကြပုံရတယ်။ ရွာသားတွေက စစ်သားတွေကို သူခိုးဓားပြ ကြောက်သလိုကိုကြောက်နေရတယ်'' လို့ ရွာသန်း ရွာသားတစ်ဦးက ပြောပါတယ်။
ရွာသန်းရွာကို အကြမ်းဖက်စစ်တပ်က ဝင်စီးတာ အခုဆိုရင် ၅ ကြိမ် လောက်ရှိနေပြီး ဆန်အိတ်တွေ ၊ PSI စလောင်းတွေနဲ့ ဖိနပ်တွေကအစ ခိုးယူသွားတယ်လို့ သိရပါတယ်။