စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချောင်းမအနောက်ဘက် မုံရွာ-ယာကြီးလမ်း မိုင်တိုင် ၂၉ အနီး အောင်မင်္ဂလာရွာနောက်မှာ မေလ ၇ ရက် ဒီနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ပြည်သူကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတစ်ဦးက "ဒေသစံတော်ချိန် ၁ နာရီခွဲလောက်မှာ ထိပ်တိုက်တွေ့တိုက်ပွဲ ဖြစ်နေကြတယ်ဗျ။ မနက်ကတည်းက ရွာတိုင်းမရှိတဲ့သူတွေ ဘေးလွတ်ရာကို ရှောင်နေရတယ်။ သမင်ခြံရွာရဲ့ အနောက်ဘက် ကျောက်လုံးကြီးကျေးရွာအနီးကို လက်နက်ကြီးတွေနဲ့ပစ်တယ်။ အဲရွာနားမှာရှိတဲ့ တောကျောင်းဘုန်းကြီးကျောင်းကို အဲကောင်တွေမီးရှို့သွားတယ်။”လို့ ပြောပါတယ်။
စစ်သာတွေက ကျေးရွာထဲ သေနတ်ဖောက်ဝင်ရောက်ပြီး အိမ်တွေမှာရှိတဲ့ပစ္စည်းတွေ ယူဆောင်တာ သယ်လိုမရတဲ့ပစ္စည်းတွေ ရိုက်ခွဲဖျက်ဆီးတာတွေလုပ်ခဲ့သလို ဒေသခံတွေ မွေးမြူထားတဲ့တိရိစ္ဆာန်တွေကို ရိက္ခာအဖြစ်ယူသွားတယ်လို့လည်း ပြောပါတယ်။
မေလ ၆ ရက်နေ့ကလည်း ကနီမြို့နယ်အတွင်း ၃ နေရာမှာ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ၁ ဦးကျဆုံးပြီး စစ်ကောင်စီတပ်ဘက်က ၄ ဦး ကျဆုံးပါတယ်။ နောက်ပြီး ဒဏ်ရာရသူလည်း အများပြားရရှိသွားပါတယ်။ ဒေသခံတွေက စစ်ကောင်စီရဲ့ ကား ၂ စီးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။