ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ စစ်တပ်အာဏာသိမ်းမှုကို လက်မခံဘဲ အာဏာဖီဆန် CDM မှာပါဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို မေလ ၁၀ ရက်နေ့နောက်ဆုံးထားပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့ အကြမ်းဖက် စစ်အုပ်စုက ဖိအားပေးနေတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။
CDM ပါဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို မေလ ၁၀ ရက်နေ့ လုပ်ငန်းခွင်ပြန်မဝင်ရင် ဝန်ထမ်းတွေရော မိသားစုဝင်တွေကိုပါ တာဝန်မယူဘူးလို့ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါ်အေးအေးလင်းက ခြိမ်းခြောက်ပြောဆိုတာတွေရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝန်ထမ်း ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။
"သူနဲ့တွေ့ဖို့ခေါ်ရင် ဖုန်းယူသွားလို့ မရဘူး၊ အသံဖမ်းမှာစိုးလို့ သူပြောတာက အလုပ်ပြန်မဝင်ရင် မိသားစုတွေကိုပါ တာဝန်မယူနိုင်ဘူး။ လွတ်အောင်ပုန်းလို့ ပြောတာ''လို့ ပြောပါတယ်။
ရေကြည်မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါ်အေးအေးလင်းဟာ စစ်ကောင်စီက ရာထူးပေးပြီး ရေကြည်မြို့နယ်ကို ပြောင်းရွှေ့ပေးခဲ့လို့ ပုသိမ်မြို့မှာနေထိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။
ခုလို ဖိအားပေးခြိမ်းခြောက်တာတွေရှိနေပေမယ့် ဝန်ထမ်းတွေအနေနဲ့ အားမလျှော့ဖို့နဲ့ အဆုံးထိ CDM မှာပါဝင်သွားဖို့လည်း တိုက်တွန်းလိုပါတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။