စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူကာကွယ်ရေးတပ်တွေ နေရာ ၃ နေရာမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကနီမြို့နယ်သပိတ်ကော်မတီဝင်တစ်ဦးက "ကျနော်တို့ ကနီနယ်မှာ တိုက်ပွဲက ၃ နေရာဖြစ်တယ်။ ချောင်းမကျေးရွာအနီးတစ်ပွဲ၊ မုဌေါနဲ့ သမင်ခြံရွာကြားမှာတစ်ပွဲ၊ ကဲဒေါင်အောက်ဘက် မြွေပိုင်းတောင်နားမှာ တစ်ပွဲဖြစ်နေတယ်။ တိုက်ပွဲ ၃ ပွဲစလုံး အကျဆုံးကတော့ စစ်ကောင်စီဘက်က လေးယောက်ကျပြီး စစ်ကားတစ်စီးမီးလောင်တယ်။ ပြည်သူဘက်တော့ အကျဆုံး လောလောဆယ်အတည်မပြုနိုင်သေးဘူး။ ကဲတောင်တိုက်ပွဲမှာ လက်နက်ခဲယမ်းပါတဲ့ ရွှေစင်လင်းအမည်ပါတဲ့ သံခွန်မော်တောတစ်စီး ဖမ်းမိထားတယ် ကြားတယ်” လို့ ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို ပြည်သူတွေဘက်ကလည်း ရရာလက်နက်တွေနဲ့ ပြန်လည်ခုခံကာကွယ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့ကလည်း လာပို့ကျေးရွာအနီး မုံရွာ - ယာကြီး - ကလေးဝ ကားလမ်းမှာ အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံ ရွာသားတွေ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဒေသခံရွာသားတွေဘက်က အကျအဆုံး ရှိနိုင်ပြီး ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် အကျအဆုံးစာရင်း မသိရသေးဘူးလို့ ကနီမြို့နယ်သပိတ်ကော်မတီဝင်က ပြောပါတယ်။