Home
မြန်မာသတင်း
ရန်ကုန်မြို့အနှံ့ ဗုံးကွဲမှုများ ဆက်တိုက်ဖြစ်ပွား
DVB
·
May 6, 2021

ရန်ကုန်တိုင်းဒေသကြီးအတွင်း  အခုရက်ပိုင်း မြို့နယ်အတော်များများမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

မေ ၅ ရက် ည ၁၀ နာရီကျောက်လောက်က  မင်္ဂလာ‌တောင်ညွန့်မြို့နယ် ကန်တော်ကြီးနားမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။

ကန်တော်ကြီး ဗိုလ်ချုပ်ပန်းခြံအတွင်းက Eutopia tower နားမှာ ဗုံး ၂ လုံး ပြင်းထန်စွာ ဆက်တိုက် ပေါက်ကွဲတယ်လို့ အနီးနားဝန်းကျင်နေသူတွေကပြောပေမဲ့  လူတွေ ထိခိုက်မှု ရှိ၊ မရှိတော့ အတည်ပြုလို့ မရသေးပါဘူး။ 

မေ ၄ ရက် မနက်ပိုင်းကလည်း မင်္ဂလာ‌တောင်ညွန့် အထက ၁ နားမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး မေ ၅ ရက်ည ၇ နာရီခွဲကလည်း တာမွေမြို့နယ်အတွင်း  ပေါက်ကွဲမှု တခု ဖြစ်ခဲ့သေးပါတယ်။  

မနေ့ ည ၈ နာရီဝန်းကျင်မှာ  မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ ပေါက်ကုန်းရပ်ကွက် အ.မ.က (၈) နဲ့ ပလရရပ်ကွက်က အ.ထ.က (၁) ကျောင်းတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ဖြစ်ပြီး ထိခိုက်မှု တစုံတရာတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၅ ရက် မနက်အစောပိုင်းကလည်း ဒဂုံတက္ကသိုလ်အနီး ၊ ဘုန်းကြီးကျောင်းကွေ့ရှိ  YBS ၃၀  ဘတ်စ်ကားဂိတ်ရင်းမှာ  YBS  ၃၀  ဘစ်စ်ကား တစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှု မရှိဘူးလို့သိရပါတယ်။

အလားတူ ရန်ကင်းနဲ့ သင်္ကန်းကျွန်းမြို့နယ်ကြားရှိ ဝေဇန္တာရာလမ်းနဲ့ သီတာလမ်းဆုံးက ရွှေမန်းသူ ကားတွေထားတဲ့နေရာမှာလည်း မေ ၅ ရက် ည ၈ နာရီလောက်က ဗုံးပေါက်မှုဖြစ်ပွားခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုကို အဝေးက မြင်တွေ့သူတွေကတော့ အသံကြားရပြီး ပေါက်ကွဲမှု ဖြစ်ပွားရာနားကလူတွေ ရုတ်ရုတ်သဲသဲဖြစ်သွားကာ ခဏအကြာမှာ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ရောက်လာတာတွေ့ရတယ်လို့ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ပတ်ဝန်းကျင်မှာရှိတဲ့ နေရာတွေကို လိုက်လံ စစ်ဆေးနေတာတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။  ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ ထိခိုက်ဒဏ်ရာရရှိတဲ့  အခြေအနေကိုတော့ အတည်အကျ မသိရ သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024