စစ်အာဏာရှင်လက်အောက်မှာ အလုပ်ဆက်မလုပ်လိုတဲ့ နိုင်ငံခြားသားလုပ်ငန်းရှင် အကုန်လုံးနီးပါး မေလကုန်မှာ စက်ရုံတွေပိတ်ပြီး မြန်မာနိုင်ငံက ထွက်ခွာဖို့ ပြင်ဆင်နေတဲ့အတွက် မြန်မာအလုပ်သမားတွေ အလုပ်လက်မဲ့ပြဿနာနဲ့ ရင်ဆိုင်ရဖို့ ရှိနေတယ်လို့ စက်ရုံလုပ်ငန်းရှင်တွေနဲ့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။
စက်မှုဇုန်တွေက နိုင်ငံခြားသားလုပ်ငန်းရှင်အကုန်လုံးနီးပါး မေလကုန်မှာ စက်ရုံတွေပိတ်ပြီး မြန်မာနိုင်ငံက ထွက်ခွာဖို့ ပြင်ဆင်နေကြတယ်လို့ ပြည်တွင်းစက်ရုံလုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။
မြန်မာနိုင်ငံက စက်မှုဇုန်တွေမှာ တရုတ်၊ ဟောင်ကောင်၊ ကိုးရီးယား၊ ဂျပန်နဲ့ ထိုင်ဝမ်နိုင်ငံတွေက လုပ်ငန်းရှင်တွေအ များဆုံးလာရောက် ရင်းနှီးမြှုပ်နှံနေတာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေဆိုးရွားလာတာကြောင့် ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ သွားရောက် ပြောင်းလဲရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်လာကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီလက်အောက်မှာ အစိုးရရဲ့စီးပွားရေးယန္တရား ပျက်စီးတာ၊ စစ်ကောင်စီကို ဆန့်ကျင်ဖို့ နိုင်ငံတကာက ကုန်မှာယူတင်သွင်းမှု ရပ်ဆိုင်းတာတွေနဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကြောင့် လုပ်ငန်းရှင်တွေဟာ မြန်မာပြည်တွင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
စက်မှုဇုန်ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးတော့ စက်မှုဇုန်တွေက နိုင်ငံခြားသားလုပ်ငန်းရှင်တွေ ထွက်ခွာရင် အလုပ်သမားတွေအားလုံး အလုပ်လက်မဲ့ဖြစ်ကြရတော့မယ်လို့ ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလဆန်းကနေ အခုမေလဆန်းအထိ စက်ရုံတော်တော်များများ ပိတ်သိမ်းခဲ့တဲ့အတွက် အလုပ်သမားတွေဟာ စားဝတ်နေရေးအတွက် ဆိုးရွားတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒီအခြေအနေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြားသိထားပြီး ကူညီနိုင်ဖို့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဦးကျော်နီကပြောပါတယ်။
အလုပ်သမားအရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေကတော့ ပိတ်သိမ်းတဲ့ စက်ရုံစာရင်းတွေ၊ အလုပ်လက်မဲ့ ဖြစ်မယ့် လုပ်သားအရေအတွက်တွေကို စာရင်းအချက် အလက်ပြုစုနေပြီး အလုပ်သမားတွေရဲ့ရှေ့ရေးအတွက် မခန့်မှန်းနိုင်အောင် ခက်ခဲတယ်လို့ Action Labour Right ဒါရိုက်တာ ကိုသူရိန်အောင်က ပြောပါတယ်။
အန်အယ်လ်ဒီအစိုးရ တာဝန်ယူခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် နောက်ဆုံးအချိန်အထိ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အစိုးရက ကဏ္ဍ ၁၂ ခုခွဲပြီး ခွင့်ပြုပေးခဲ့ပါတယ်။ စက်မှုဇုန်ကဏ္ဍဟာ နိုင်ငံအတွက် ပြည်ပဝင်ငွေအများဆုံးရတဲ့ ကဏ္ဍ မဟုတ်ပေမယ့် အခြေခံပြည်သူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းအတွက် အများဆုံးအကျိုးပြုတဲ့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အခြေခံအလုပ်သမား သိန်းနဲ့ချီပြီး အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။