ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏအထက်တန်းကျောင်းရှေ့မှာ မေလ ၄ ရက်နေ့ ညနေပိုင်းက ဗုံးပေါက်မှုဖြစ်ပွားခဲ့ပါတယ်။
ကျောင်းထဲမှာ ဆရာ ဆရာမတွေရှိနေချိန် ညနေ ၃ နာရီကျော်လောက်မှာ ကျောင်းရှေ့မှာပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတာမျိုး တော့မရှိဘူးလို့ မျက်မြင်တွေ့ခဲ့သူ ၁ ဦးက ပြောပါတယ်။
ခုလိုမျိုးအချိန်ကာလမှာ ကလေးတွေကို ကျောင်းပြန်ထားရဖို့အတွက် လုံခြုံရေးအာမခံချက်မရှိလို့ စိုးရိမ်မိတယ်လို့လည်း ဆိုပါတယ်။
ရန်ကုန်တိုင်းအပါအဝင် မြို့ကြီးတော်တော်များများမှာ ရပ်ကွက်ရုံးတွေ ရဲစခန်းတွေနဲ့ စာသင်ကျောင်းတွေမှာ ဧပြီလ နောက်ဆုံးပတ်က စတင်ပြီး ပေါက်ကွဲမှုတွေဖြစ်ပွားလာတာပါ။
သင်္ဃန်းကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာလည်း ဧပြီလနောက်ဆုံးပတ်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်သား ၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။