ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်မှာ စစ်ရဟတ်ယာဉ် တစ်စင်း ပစ်ချခံရပြီး အကြမ်းဖက်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားပြီးနောက် အလော့ဘွမ်တောင်တန်းတိုက်ပွဲ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေပါတယ်။
မနေ့မနက်က စစ်ရဟတ်ယာဉ်တစ်စီးကို ကေအိုင်အေက ပစ်ခတ်ခဲ့တာကြောင့် လေတပ်က ဗိုလ်မှူး ကျော်ဇေယျာထွဏ်း အသက် ၃၅ နှစ်၊ ဗိုလ်ကြီး သန်းထွန်းလင်း အသက် ၃၃ နှစ်နဲ့ အုပ်ခွဲတပ်ကြပ်ကြီး ကျော်စွာအောင် အသက် ၄၈ နှစ်တို့ သေဆုံးသွားခဲ့တာပါ။
မွန်းလွဲပိုင်းမှာတော့ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတချို့ဟာ (၇) မိုင်ကျေးရွာစာသင်ကျောင်းထဲသို့ ကျရောက်ခဲ့ပြီး တချို့မှာ သစ်ပင်ပေါ်ထိမှန်ကာ လူနေအိမ် ခေါင်မိုးတွေကို ထိမှန် လွင့်စင်ပေါက်ကွဲခဲ့ပြီး လူတွေကို ထိခိုက်မှု မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ မနက် ၁၀ နာရီလောက်ကလည်း ကုန်းလောဘုန်းတော်ကြီးကျောင်းတိုက်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ ဘုန်းတော်ကြီးတစ်ပါး ပျံလွန်တော်မူခဲ့ရပြီး အမျိုးသား ၂ ဦးနဲ့ အသက် ၁၀ နှစ်အရွယ် မိန်းကလေး ၁ ဦးသေဆုံးခဲ့ကာ အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အဆိုပါသေဆုံးခဲ့ရတဲ့ ဒေသခံ ၃ ဦးကို ဗန်းမော်ရှိ ကြက်ပေါင်ခြံသုဿန်မှာ မနေ့က သင်္ဂြိုဟ်ခဲ့ပြီး ပျံလွန်တော်မူသွားတဲ့ ကုန်းလောကျောင်းတိုက်ဆရာတော်ကိုတော့ မိုးမောက်မြို့ရှိ မန္တလေးကျောင်းတိုက်မှာ ဈာပနပြုလုပ်ဖို့ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးမောက်မြို့နယ် အလော့ဘွမ်တောင်တန်း မြို့သစ်၊ ကုန်းလော၊ စီဟက်ဘက်မှာ ကေအိုင်အေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဖြစ်ပွားနေတာ ၁လ ကျော်လောက်ရှိနေပြီး စစ်ကောင်တပ်ဖွဲ့ဝင်တွေလည်း အများအပြားသေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက ကေအိုင်အေတို့ ပြန်လည်သိမ်းပိုက်ထားတဲ့ အလော့ဘွမ်တောင်တန်းရှိ စလောင်းကုန်းကို ပြန်သိမ်းနိုင်ဖို့ စစ်ကောင်စီတပ်တွေက မြေပြင်ကရော ဝေဟင်ကပါ အကြိမ်ကြိမ်နေ့စဉ်လိုလို အပြင်းအထန်တိုက်ခိုက်နေတာဖြစ်ပါတယ်။
ကချင်ပြည်နယ် မံစီမြို့မှာလည်း အကြမ်းဖက်စစ်ကောင်စီရဲစခန်းတစ်ခုကို ကေအိုင်အေက ယနေ့ည ၈ နာရီလောက်က တိုက်ခိုက်ခဲ့ရာမှာ မြို့နယ်စခန်းမှူး စနိုက်ပါ ကျည်ဆန်ထိမှန်သေဆုံးခဲ့တယ်လို့မြို့ခံ တစ်ဦးက ပြောပါတယ်။