ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် တရက်တည်းလူ ၃၁ ယောက် သေဆုံးပြီး ကူးစက်မှုအသစ် ၂၀၄၁ ယောက်နဲ့ စံချိန်သစ်တင်ခဲ့ပါတယ်။
ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ ၂ ရက်ပေါင်း ၂၁ ယောက် သေဆုံးမှု ထက် ၅၀ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကူးစက်မှုလှိုင်းသစ် အနေနဲ့ ထိုင်းနိုင်ငံမှာ ရောဂါကူးစက်မှုနဲ့ သေဆုံးမှု နှုန်းတွေ ၂ ဆကျော် မြင့်တက်နေခဲ့တာဖြစ်ကာ အဲဒီထဲမှာ ကူးစက်မှုနှုန်း ရာခိုင်နှုန်း ၇၀ အထိ ပိုမိုမြန်ဆန်တဲ့ UK Variant (B.1.1.7) ကူးစက်မှုတွေလည်း အပါအဝင် ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ခုလိုသာ သေဆုံးမှုနှုန်းတွေ ဆက်လက်ပြီးတော့ မြင့်တက်နေမယ်ဆိုရင် နိုင်ငံ့အနေနဲ့ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဆီရိရတ်ဂျ်ဆေးရုံ ဆေးပညာဌာနမှ ဌာနမှူး ဒေါက်တာ ပရာဆစ် ဝပ်ထနာပါက ပြောပါတယ်။
“ဆိုလိုတာကတော့ ကျနော်တို့အနေနဲ့ တကယ့်အကြပ်အတည်းအဆင့်ကို ဦး တည်နေပြီလို့ ဆိုလိုတာပါ”
ပြည်သူတွေအနေနဲ့ နှာခေါင်းစည်း Mask တွေ ဝတ်ဆင်တာ၊ လက်ဆေးတာ၊ ကာကွယ်ဆေးထိုးနှံရေးအတွက် ချမှတ်ထားတဲ့ ကျန်းမာရေးဆိုင်ရာ ဆောင်ရန်ရှောင် ရန်တွေကို လိုက်နာဖို့လည်း ဒေါက်တာ ပရာဆစ်က တိုက်တွန်းလိုက်ပါတယ်။
လတ်တလော ကိုဗစ်-၁၉ ကြောင့် သေဆုံးသူအများဆုံးခရိုင်တွေထဲမှာ ဘန်ကောက်နဲ့ နွန်ထာ ဘူရီခရိုင်တွေက ၁၀ ယောက်စီ ပါဝင်နေတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံတဝန်းလုံးမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ပေါင်း ၇၂၇၈၈ ယောက်နဲ့ သေဆုံးသူပေါင်း ၃၀၃ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။