စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ လူစုဝေးနေတယ်ဆိုတဲ့ သတင်းအရ သွားရောက်ဖမ်းဆီးရာ Gen Z လူငယ်တွေအစား ကြက်ဝိုင်းတခုကို ဖမ်းမိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၃၀ ရက်က သိမ်တော်ရွာအနီး Gen Z လူငယ်တွေ စုဝေးတယ်ဆိုပြီး ဒလံက သတင်းပေးလိုက်ရာ ရဲနဲ့ စစ်သားတွေဟာ ကားကြီး ၅ စီးနဲ့ ရောက်လာခဲ့ပေမဲ့ Gen Z တွေ စုဝေးနေတာမဟုတ်ဘဲ ကြက်ဝိုင်းဖြစ်နေခဲ့တာပါ။
အကြမ်းဖက် ရဲနဲ့ စစ်တပ် လာရောက်ဖမ်းဆီးချိန် ကြက်ဝိုင်းက လူ ၁၀၀ ကျော်လောက် ထွက်ပြေးရခဲ့ပေမဲ့လူ ၂၀ ကို ဖမ်းမိခဲ့ပြီး ဆိုင်ကယ်တွေကိုလည်း သိမ်းသွားတယ်လို့ သိရပါတယ်။
မေ ၁ ရက်မှာတော့ စစ်သားနဲ့ရဲတွေက အဖမ်းခံရသူ တစ်ဦးကို ကျပ် ၁ သိန်းကနေ ၃သိန်း အထိ စျေးခေါ်ကာ ပိုက်ဆံနဲ့ လာရွေးနိုင်တယ်ဆိုပြီး ပြောလာတာကြောင့် ဖမ်းခံရတဲ့သူတွေကို ငွေနဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ သိမ်းဆည်းသွားတဲ့ ဆိုင်ကယ်တွေကတော့ တစ်စီးမှ ပြန်ရခဲ့ခြင်း မရှိပါဘူး။