ကချင်ပြည်နယ် ဖားကန့်မြို့မှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြသူ တွေကို အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲနဲ့စစ်တပ်က ကျည်အစစ်တွေ နဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့တာ ကြောင့် ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရကာ ၁၂ ဦးလောက် အဖမ်းခံရတယ်လို့ ကူညီလုပ်ဆောင်ပေးနေသူတွေဆီက သိရပါတယ်။
မေ ၂ ရက် မနက် ၉ နာရီခွဲလောက်က ဖားကန့်မြို့ မော်ဝမ်းရပ်ကွက်လမ်းမပေါ်မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်နေတဲ့ မော်ဝမ်းစစ်ကြောင်းနဲ့ လုံးခင်း စစ်ကြောင်းနှစ်ခုလုံး ပစ်ခတ်ဖြိုခွင်းခံခဲ့ရတာပါ။
အဲဒီလို ပစ်ခတ်မှုကြောင့် လုံးခင်းသပိတ်စစ်ကြောင်းက ဆန္ဒပြလူငယ် ၁ ဦး နောက်စေ့မှာ ကျည်စစ်ထိမှန်ခဲ့တာကြောင့် ဆေးရုံပို့ဆောင်စဉ် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူဟာ ဝေကြီး အသက် ၃၃ နှစ်ဖြစ်ပြီး လုံးခင်းကျေးရွာ ရပ်ကွက် ၁ နေထိုင်သူလို့ သိရပါတယ်။
အခြားဆန္ဒဖော်ထုတ်သူ ၄ ဦးထက်မနည်း ဒဏ်ရာတွေရရှိခဲ့ပြီး ၁၂ ဦးလည်း ဖမ်းဆီးခံလိုက်ရတယ်လို့ သပိတ်စစ်ကြောင်းက ထွက်ပြေးလွတ်မြောက်လာသူတွေဆီက သိရ ပါတယ်။
ဖားကန့်ဒေသမှာ အာဏာသိမ်းစစ်ကောင်စီကို ဆန္ဒဖော်ထုတ်လို့ စစ်တပ်နဲ့ရဲက ပစ်သတ်တာ အခုသေဆုံးမှုနဲ့ဆိုရင် ၃ ယောက်မြောက်ရှိပြီဖြစ်ပါတယ် ။
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းတဲ့နေ့ကနေ ဒီနေ့အထိ ဖားကန့်မြို့နယ်မှာ အကြမ်းဖက် စစ်တပ်နဲ့ရဲက ပစ်ခတ်တာကြောင့် ဆန္ဒပြသူ ၃ ဦးသေဆုံဂပြီး ရာနဲ့ချီဒဏ်ရာရရှိကာ သတင်းထောက် ၁ ဦး အပါအဝင် ပြည်သူ ၅၀ ကျော် ဖမ်းဆီးချုပ်နှောင်ခံထားရပါတယ်။