အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက တရုတ်၊ အမေရိကန်ကိုယ်စားလှယ်တို့နှင့် မြန်မာ့အရေး ဆွေးနွေးမည်

Photo-China Gov (ဓာတ်ပုံ- ယခင်ကကျင်းပခဲ့သည့် တရုတ်-အာဆီယံဝန်ကြီးများ အထူးအစည်းအဝေးတစ်ခုမြင်ကွင်း )

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ကြိုးပမ်းနေတဲ့ အာဆီယံအဖွဲ့အစည်းအနေနဲ့ တရုတ်နဲ့ အမေရိကန်နိုင်ငံကိုယ်စားလှယ်တွေနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ မကြာခင်တွေ့ဆုံဆွေးနွေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဂျကာတာကလာတဲ့သတင်းမှာ ဖေါ်ပြထားပါတယ်။

တရုတ်ကိုယ်စားလှယ်နဲ့  တွေ့ဆုံမယ့်အစည်းအဝေးအစီအစဉ်က အရင်ပိုစောနိုင်မယ့် အခြေအနေရှိပြီး အမေရိကန်နဲ့ စည်းဝေးနိုင်ဖို့ ညှိနှိုင်းနေဆဲကိစ္စထဲမှာ မြန်မာစစ်ကောင်စီကိုယ်စားလှယ်ကို ဖိတ်ခေါ်သင့် မခေါ်သင့်လည်း ပါဝင်တယ်လို့ သတင်းမှာ ဖေါ်ပြထားပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီ  ၂၄ ရက်နေ့က အာဆီယံခေါင်းဆောင်တွေရဲ့ အစည်းဝေးပွဲမှာ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ အာဆီယံအဖွဲ့ရဲ့ အထူးကိုယ်စားလှယ်စေလွှတ်နိုင်ဖို့နဲ့ လူသားချင်းစာနမှုအကူအညီတွေပေးအပ်နိုင်ဖို့ အပါအဝင် အချက် ၅ ချက်ကို ဘုံ သဘောတူခဲ့ကြပေမယ့် အာဆီယံအနေနဲ့ တချက်မှ လက်တွေ့အကောင်အ ထည်မဖေါ်နိုင်သေးပါဘူး။

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကတော့ မြန်မာအာဏာသိမ်း စစ်ကောင်စီ ကြောင့်ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းစွာအဖြေရှာနိုင်ဖို့ အာဆီယံရဲ့ ကြိုးပမ်းချက်ကို ကြိုဆိုတဲ့အကြောင်း ပြောဆိုထားပါတယ်။ 

အာဆီယံအဖွဲ့စည်းဝေးပွဲမှာ သဘောတူခဲ့တဲ့အချက်တွေကို အရေးယူဆောင်ရွက်မှုတွေ ဆက်လုပ်ရပါမယ်လိုလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အကြံပေးကောင်စီက တိုက်တွန်းလိုက်ပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရဟာ နိုင်ငံတကာအသိုက်အဝန်းအတွက် အပြုသဘော ဆက်ဆံရမယ့် အဖွဲအစည်းတခုဖြစ်နေပေမယ့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကတော့  အာဆီယံ သဘောတူညီချက်တွေကို မထီမဲ့မြင် လုပ်နေတယ်လို့ ဝေဖန်ထားပါတယ်။

စစ်ကောင်စီအကြမ်းဖက်အဖွဲ့ခေါင်းဆောင်  မင်းအောင်လှိုင်ဟာ အာဆီယံအစည်းအဝေးမှာ  အာဆီယံကထုတ်ပြန်ထားတဲ့ အချက် ၅ ချက်ကို သဘောတူခဲ့ပေမဲ့ မြန်မာနိုင်ငံပြန်ရောက်တဲ့အခါမှာတော့ နိုင်ငံတည်ငြိမ်မှုအပေါ်မှာ မူတည်ပြီး ဒီအချက်တွေကို စဉ်းစားဦးမယ်လို့ ပြောထားပြန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up