Home
မြန်မာသတင်း
လုပ်ငန်းခွင် ပြန်မဝင်နိုင်ပါက အလုပ်သမားများ အငတ်ဘေးကြုံရနိုင်
DVB
·
May 1, 2021

စစ်ကောင်စီဟာ ကိုယ်လိုချင်တဲ့ အာဏာတစ်ခုတည်းကို မကြည့်ဘဲ ပြည်သူတွေရဲ့ဘဝကို ထောက်ထားဖို့ လိုတယ်လို့ Action Labour Rights ရဲ့ ဒါရိုက်တာ ကိုသူရိန်အောင်က မေတ္တာ ရပ်ခံပါတယ်။ 

ကိုဗစ်-၁၉ ကာလကတည်းက စားဝတ်နေရေးကြပ်တည်းနေတဲ့ အလုပ်သမားတွေဟာ လုပ်ငန်းခွင် ပြန်မဝင်နိုင်လျှင် အငတ်ဘေးကြုံရလိမ့်မယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက် အကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံက စက်ရုံ၊ အလုပ်ရုံ အများစုပိတ်သိမ်းကုန်တဲ့အတွက် အလုပ်သမားသိန်းနဲ့ချီပြီး အလုပ်လက်မဲ့ ဖြစ်ကုန်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ ရန်ကုန်မြို့က စက်မှုဇုန်အများစုရှိတဲ့ လှိုင်သာယာ၊ ရွှေပြည်သာနဲ့ တောင်ဒဂုံမြို့နယ်တွေကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပါတယ်။ 

စစ်ကောင်စီနဲ့ အခြေခံလုပ်သားပြည်သူတွေကြားထဲမှာ တင်းမာမှုတွေဖြစ်ခဲ့ပြီး စစ်ကောင်စီက အကြမ်းဖက်ခဲ့တဲ့အတွက် စက်ရုံအများစုဟာ ပိတ်သိမ်းရတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။ 

ဒီအခြေအနေမှာ အလုပ်သမားတွေဟာ စားဝတ်နေရေးအတွက် ကြပ်ကြပ်တည်းတည်း ဖြေရှင်းနေရတယ်လို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က ပြောပါတယ်။

တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပိတ်ကုန်တာကြောင့် စက်ရုံတွေဟာ ပုံမှန်လည်ပတ်ဖို့ ကုန်ကြမ်းပြတ်ကုန်ပါတယ်။ 

စက်ရုံတွေ မီးရှို့ခံရတာ၊ လုပ်ငန်းရှင်တွေ ထွက်ပြေးတာ၊ စစ်တပ်က အကြမ်းဖက်တာ တွေကြောင့် စက်ရုံအများစု ပိတ်သိမ်းလိုက်ရပြီး လုပ်သားတွေဟာ လုပ်ငန်းခွင်တည်မြဲပိုင်ခွင့်ကို ဆုံးရှုံးနေကြရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူ ကိုချမ်းမြေ့အောင်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ ပုံမှန်လည်ပတ်နေတဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားသုံးခုစလုံး ပျက်စီးသွားပါတယ်။ 

အခြေခံအလုပ်သမားတွေဟာ ဥပဒေအကာအကွယ်မရတော့တဲ့အပြင် စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်တာ ခံနေရပါတယ်။

 ဒီအခြေအနေမှာ လုပ်ငန်းရှင်တချို့ဟာ စစ်ကောင်စီကို အားပေးအားမြှောက်လုပ်ပြီး အလုပ်သမားတွေအပေါ် အခွင့်အရေးချိုးဖောက် အနိုင်ကျင့်တာတွေ ရှိနေတယ်လို့ အလုပ်သမား အရေးတက်ကြွလှုပ်ရှားသူ စိုင်းယုမောင်က ပြောပါတယ်။

မေ ၁ ရက် ဟာ အလုပ်သမားတွေကို ကိုယ်စားပြုတဲ့ မေဒေးဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာတော့ ဂုဏ်ပြုအခမ်းအနားတွေ မကျင်းပနိုင်တော့ပါဘူး။

 စစ်အာဏာရှင်ဆန့်ကျင်ရေးအလုပ်တွေလုပ်တဲ့အခါ အလုပ်သမားတွေသာမက စီးပွားရေး လုပ်ငန်းရှင်တွေကပါ ပူးပေါင်းဆန့်ကျင်ဖို့ လိုအပ်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေ က ပြောဆိုကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024