ရှမ်းပြည်နယ်၊ လားရှိုးမှာ CDM လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဧပြီလကုန်ပိုင်းက စပြီး အာဏာသိမ်း စစ်အုပ်စုက ဖိအား ပိုပေးလာနေတယ်လို့ လားရှိုးမြို့ခံ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“ပြည်နယ်ကလည်း စာထုတ်ပါတယ်။ တချို့ကိုတော့ ရပ်ဆိုင်းမယ်ပြောပြီး၊ တချို့ကိုတော့ ပုဒ်မ ၅၀၅ နဲ့ တရားစွဲရင် တာဝန်မယူဘူးလို့ ခြိမ်းခြောက်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း အားလုံးနီးပါးမှာပါ” လို့ကျန်းမာရေဝန်ထမ်းက ပြောပါတယ်။
လားရှိုးမြို့နယ်ထဲက ကျန်းမာရေး CDM ဝန်ထမ်းတွေကို မေလထဲ နောက်ဆုံးထားပြီး အလုပ်ပြန်ဝင်ကြဖို့ ပြောဆိုလာတာရှိပြီး CDM ဝန်ထမ်းတချို့အလုပ်ပြန်ဝင်နေကြတယ်လို့ သိရပါတယ်။
CDM လုပ်နေတဲ့ တခြားကျန်းမာရေးဝန်ထမ်းတဦးက “Non - CDM တွေက ဖိအားပေးနေတာ။ လားရှိုးက ပြည်သူ့ကျန်းမာရေးဌာနအောက် CDM to Non CDM ဝင်သွားတာ လောလောဆယ်တော့ ၆ ယောက်က ပြန်ဝင်သွားတာ သေချာတယ်။ တချို့ကိုတော့ ဖုန်းဆက်ပြီး အလုပ်ပြန်ဝင်ဖို့ ပြောတယ်။ တချို့ကိုတော့ အိမ်ထိလာ ပြီး အလုပ်ပြန်ဝင်ဖို့ သေချာစဉ်းစားဖို့ လာပြောတယ်”လို့ ပြောပါတယ်။
နိုင်ငံတဝန်းမှာလည်း CDM ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပညာရေးဝန်ထမ်းတွေကို ဖမ်းဆီးတာ၊ ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲတာ၊ အလုပ်ဖြုတ်တာ၊ နေအိမ်လိုင်းခန်းက နှင်ထုတ်တာတွေလည်း ပြုလုပ်နေသလို CDM ဝန်ထမ်းတွေ အလုပ်ပြန်ဝင်ကြဖို့ စစ်ကောင်စီရဲ့ မီဒီယာတွေကနေလည်း နည်းမျိုးစုံနဲ့ လှုံ့ဆော်နေပါတယ်။