မြန်မာပြည်သူများနှင့် ဂျာနယ်လစ်များကို လေးစားဂုဏ်ပြုကြောင်း ယူကေဝန်ကြီးပြော

အခွင့်အရေးနဲ့ လွတ်လပ်ခွင့်အတွက်တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေနဲ့ စစ်တပ်ရဲ့ မတရားလုပ်ရပ်တွေကို ဖော်ထုတ်ဖို့ ကြိုးစားနေကြတဲ့ ဂျာနယ်လစ်တွေကို လေးစားဂုဏ်ပြုတဲ့ အကြောင်း  ယူကေနိုင်ငံရဲ့ အာရှဒေသဆိုင်ရာ ဝန်ကြီး နိုင်ဂျယ်အဒမ်စ်က ပြောကြားလိုက်ပါတယ်။

ယူကေသံရုံးရဲ့ ထွစ်တာလူမှုကွန်ရက်စာမျက်နှာ ကနေတဆင့် ဝန်ကြီး နိုင်ဂျယ်အဒမ်စ်က ဗီဒီယိုရုပ်သံနဲ့ သတင်းစကားပြောကြားတာဖြစ်ပါတယ်။

“မြန်မာပြည်မှာ စစ်တပ်က ကျူးလွန်နေတဲ့ ထိတ်လန့်စရာ အကြမ်းဖက်မှုကို အဆုံးသတ်ဖို့အတွက် ယူကေက ဆက်လက်ကူညီသွားမယ်ဆိုတာကို ပြောချင်ပါတယ်။ မြန်မာပြည်သူလူထုအတွက် ဒီမိုကရေစီ ပြန်လည်ရရှိဖို့အတွက် ဆက်လက်ကူညီသွားပါမယ်။ မြန်မာပြည်တဝန်းလုံးမှာ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်အတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ သတ္တိရှိရှိ တိုက်ပွဲဝင်နေကြတဲ့ ဆန္ဒပြသမားတွေကို လေးစားမိပါတယ်။ အခုလို ကမ္ဘာ့သတင်းစာလွတ်လပ်ခွင့်နေ့မျိုးမှာ မိမိတို့ရဲ့ လုံခြုံရေးကို မငဲ့ကွက်ဘဲ စစ်တပ်က မတရားလုပ်သမျှကို ဖော်ထုတ်ဖို့ ကြိုးစားနေကြတဲ့ ဂျာနယ်လစ်တွေနဲ့ မီဒီယာလောကသားတွေကို ဂုဏ်ပြုပါတယ်။”လို့ ယူကေဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင်  လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူနိုင်ဖို့ နိုင်ငံတကာမိတ်ဆွေနိုင်ငံတွေနဲ့ လက်တွဲပြီး ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

“အခုဆိုရင်လည်း စစ်တပ်ထဲက ထိပ်ပိုင်း ပုဂ္ဂိုလ်တွေနဲ့ သူတို့ရဲ့ စီးပွားရေးအကျိုးစီးပွားတွေကို ဒဏ်ခတ်ပိတ်ဆို့ထားပြီး ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု သက်သေတွေကို စုဆောင်းပြီး၊ အနာဂတ်မှာ တရားစွဲဆိုတဲ့အခါ အသုံးပြုနိုင်အောင် ထိန်းသိမ်းထားမယ့် ကုလသမဂ္ဂ လုပ်ငန်းစဉ်ကိုလည်း ကျနော်တို့ ပံ့ပိုးပေးနေပါတယ်။ မြန်မာပြည်သူလူထုရဲ့ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးအတွက် ကျနော်တို့ ဆက်လက်ကာကွယ်သွားပါမယ်။ ဒီမိုကရေစီကို ကျနော်တို့ ဆက်လက် ကာကွယ်သွားပါမယ်။”လို့လည်း ယူကေနိုင်ငံရဲ့ အာရှဒေသဆိုင်ရာ ဝန်ကြီး နိုင်ဂျယ်အဒမ်စ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့ကလည်း ယူကေ ဝန်ကြီး နိုင်ဂျယ်အဒမ်စ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး   ဒေါက်တာဆာဆာနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up