မကွေးမြို့ လေတပ်စခန်းဌာနချုပ်မှာ ဧပြီ ၂၉ ရက် မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးတာတွေ လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ဒီနေ့မနက်အစောပိုင်း ၃ နာရီလောက်က မကွေးလေတပ်စခန်းဘက်က ပေါက်ကွဲသံ ၅ ချက်လောက် ကြားလိုက်ရတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာတော့ မသိရသေးပါဘူး” လို့ မကွေးဒေသခံတစ်ယောက်က ပြောပါတယ်။
အဲဒီလို ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်မှာတော့ မကွေးမြို့နေရာအနှံ့မှာ လမ်းသွားလမ်းလာတွေ ကို တားဆီးစစ်ဆေးတာတွေ ရှိသလို သေနတ်တွေနဲ့ ရမ်းသန်းပြီး ပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
မကွေးမြို့ အဝင်အထွက်တွေကိုလည်း ပိတ်ဆို့စစ်ဆေးတာတွေ လုပ်နေပြီး မြသလွန်ဘုရား၊ အခွန်လွတ်စျေးဘက်က စျေးသည်တချို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေတယ်လို့ ပြောပါတယ်။
ဒီရက်ပိုင်းမှာတော့ မကွေးလေတပ်စခန်းဌာနချုပ်က တိုက်လေယဉ်တွေဟာ ဆက်တိုက် ပျံသန်းနေပြီးတော့ ကချင်နဲ့ ကရင်ပြည်နယ်ဘက်ကို သွားရောက်တိုက်ခိုက်နေတာလို့လည်း မြို့ခံတချို့က ခန့်မှန်းထားပါတယ်။