ဧရာဝတီတိုင်း မြောင်းမြမြို့နယ်အတွင်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးခွဲ ဆိုင်းဘုတ်တွေကို အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေက ညဘက်အချိန်တွေမှာ ဝင်ရောက်ပြီး ပါတီဆိုင်းဘုတ်တွေ အလံတွေကို ဖျက်ဆီးသိမ်းယူသွားတာတွေ ပြုလုပ်နေပါတယ်။
မြောင်းမြမြို့ ဦးဘချိုလမ်း ကျွန်းတောတံတားအနီးမှာ ဖွင့်လှစ်ထားတဲ့ မြောင်းမြမြို့နယ်နဲ့ မြောင်းမြခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ဧပြီလ ၂၅ ရက်နေ့ ညပိုင်းက အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်များက ခြံစည်းရိုးကျော်ဝင်ရောက်ပြီးတော့ ပါတီဆိုင်းဘုတ်တွေနဲ့ အလံတွေကို ဖျက်ဆီးသိမ်းယူသွားခဲ့တယ်လို့ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်ကပြောပါတယ်။
“အခုမှ အင်တာနက်ရလို့ တင်လိုက်တာပါ၊ ကျနော့်ကို သတင်းပို့ထားတာတော့ကြာပြီ ၂၅ ရက်နေ့ ည ၁၀ နာရီလောက်က မြို့နယ်ရဲမှူးရော စစ်သားတွေရော ပါတီရုံးဖွင့်ထားတဲ့အိမ်က အုတ်တံတိုင်းကိုကျော်ပြီး ဝင်လာတယ် ပြီးတော့ ပါတီဆိုင်းဘုတ်တွေကို ဖြုတ်သိမ်းသွားတယ်၊ ရပ်ကျေးပါတီရုံးတချို့ကိုလည်း အခုလိုပဲ လုပ်ဆောင်တယ်လို့ သတင်းရပေမဲ့ သီးခြားစီအတည်ပြုလို့တော့ မရသေးဘူး၊ အခုလို တရားဝင်နိုင်ငံရေးပါတီတစ်ခုရဲ့ တရားဝင်ရုံးခန်းတစ်ခုကို ညဘက်ဝင်ရောက်လုပ်ဆောင်မှုတွေဟာ ငါတို့အာဏာသိမ်းလိုက်ပြီ လက်ထဲ သေနတ်ရှိတယ် လုပ်ချင်ရာလုပ်မယ်ဆိုတာမျိုးဖြစ်နေတယ်” လို့ ဦးဝေလင်းအောင်ကပြောပါတယ်။