ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၇၅ ဦး ဖမ်းဆီးခံရ

မယ်ဆိုင်၊ကန်ကျနပူရီ

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ဧပြီ ၂၇ ရက်နဲ့ ၂၈ ရက် နှစ်ရက်အတွင်း စုစုပေါင်း  ၇၅ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ 

ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ ဆန်ဖတ်ဟိရပ်ကွက်ထဲမှာ ဒီနေ့မနက် ၂ နာရီခွဲလောက်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၅ ဦး ဖမ်းဆီးခံရတယ်လို့ မယ်ဆိုင်နယူးစ် သတင်းမှာ ဖော်ပြပါတယ်။

သူတို့တွေဟာ တာချီလိတ်-မယ်ဆိုင် အမှတ် ၂ ချစ်ကြည်ရေးတံတား ဘေးဘက်ကနေ ဝင်လာကြပြီး ကုန်းပေါ်ရောက်တော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့တိုးမိလို့ ဖမ်းဆီးခံရကာ လမ်း ပြဖြစ်သူ မြန်မာ ၁ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ 

အဆိုပါ ၁၅ ဦးမှာ အသက် ၁၉ နှစ်နဲ့ ၄၁ နှစ်ရွယ်ကြားရှိ အမျိုးသား ၆ ဦး အမျိုးသမီး ၉ ဦးတို့ပါဝင်ပြီး ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ် တောင်ကြီးကဖြစ်ကာ ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ ဝင်လာ တာလို့ဆိုပါတယ်။

ဖမ်းဆီးခံရသူတချို့မှာ ပတ်စပို့ရှိပြီး တချို့မှာ မြန်မာမှတ်ပုံတင်ရှိပေမဲ့ တရားမဝင် ဝင်ရောက်တာဖြစ်လို့ အားလုံးလဝကဥပဒေနဲ့ရော ကိုဗစ်-၁၉ ဥပဒေ တွေနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ်။ 

ထိုင်းအနောက်မြောက်ပိုင်း ကန်ကျနပူရီမြို့နယ်ထဲမှာလည်း ဧပြီ ၂၇ ရက်နေ့ တနေ့တည်းတင် တရားမဝင် ဝင်ရောက်မှု ၂ ကြိမ် ဖမ်းဆီးရမိခဲ့တယ်လို့ ချနယ်လ် ၇ ထိုင်း တီဗွီသတင်းမှာ ဖော်ပြပါတယ်။ 

ပထမတသုတ်မှာ ကန်ကျနပူရီမြို့နယ် ဘန့်ကောင်ကျေးရွာအုပ်စုရှိ တောထဲမှာ ဖမ်းမိတာဖြစ်ပြီး အမျိုးသား ၂၁ ဦးနဲ့ အမျိုးသမီး ၂၇ ဦး စုစုပေါင်း ၄၈ ဦး ပါဝင်ဝင်ပါတယ်။

သူတို့ဟာ တနင်္သာရီတိုင်း ထားဝယ်မြို့ကဖြစ်ပြီး ထိုင်းနယ်စပ်ရောက်ဖို့ လမ်းမှာ ၇ ရက်ကြာခဲ့ကြောင်း၊ ထိုင်းနိုင်ငံ ထဲကိုလည်း တောလမ်းကနေ ခြေလျင်လျှောက်လာကြပြီး ဘန်ကောက်၊ စမွတ်စခွန်း၊ ရာ့ချ်ပူရီနဲ့ နခွန်းပ ထုန်မြို့မှာ အလုပ်သွားလုပ်ဖို့ဖြစ်ကာ ပွဲစားကို တစ်ဦးလျှင် ဘတ်ငွေ ၁၃၀၀၀ မှ ၂၀၀၀၀ ထိ ကိုယ်စီပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒုတိယအသုတ်ကိုတော့ ကန်ကျနပူရီမြို့နယ် ဖူးနမ့်ရွန့် ကျေးရွာမှာ ဖမ်းမိတာဖြစ်ပြီး အမျိုးသား ၃ ဦး အမျိုးသမီး ၉ ဦး  ပေါင်း ၁၂ ဦး ပါဝင်ပါတယ်။

သူတို့ကတော့ မော်လမြိုင်ကလာပြီး ထီခီးမှာ ညအိပ်ခဲ့ကြောင်း၊ အဲဒီနောက် တောထဲကနေ ဝင်လာကာ ပထုန်ဌာနီနဲ့ စမွတ်စခွန်းမှာ အလုပ်သွားလုပ်မှာဖြစ်ပြီး လာကြိုမယ့်သူကို စောင့်ဆိုင်းစဉ် ဖမ်းဆီးခံရကြောင်း၊ ပွဲစားကိုတော့ လူတယောက် ဘတ် ၁၅၀၀၀ စီ ကြိုပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ကို ကိုယ်အပူချိန်တိုင်းတာပြီး ဖျားနာသူမရှိတာကြောင့် ကန်ကျန ပူရီနယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားကာ လဝကဥပဒေ နဲ့ရော  ကိုဗစ်-၁၉ ဥပဒေတွေနဲ့ အရေးယူသွား မယ်လို့ ဆိုပါတယ်။ 

ကန်ကျနပူရီခရိုင် ဆိုင်းယုတ်မြို့နယ်ထဲမှာ ဧပြီ ၂၆ ရက်နေ့ကလည်း တရားမဝင် မြန်မာ ၅၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up