ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်မှာ မိခင်ဆေးကုသစရိတ်အတွက် သီချင်းဆိုအလှူခံနေစဉ် ဖမ်းဆီးခံခဲ့ရတဲ့ လူငယ်တစ်ဦး ဧပြီ ၂၅ ရက်ညက ပြန်လွတ်လာပါတယ်။
အရိုးကင်ဆာဝေဒနာ ခံစားနေရတဲ့ မိခင်ဆေးကုသဖို့အတွက် သီချင်းဆို အလှူခံနေတဲ့ ကိုရိုးရိုးမြင့်ဆွေကို သင်္ဃန်းကျွန်းမြို့နယ် ဆ/က ရပ်ကွက် သမာဓိ ၁ လမ်းမှာ မနေ့ ညနေ ၆ နာရီလောက်က ရဲတွေကဆိုင်ကယ်နဲ့လာပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ မျက်မြင်တွေက ပြောပါတယ်။
မနေ့ည ၉ နာရီလောက်မှာတော့ ရဲစခန်းက ပြန်လွှတ်ပေးလိုက်တယ်လို့ ကိုရိုးရိုးမြင့်ဆွေက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ကိုရိုးရိုးမြင့်ဆွေဟာ မိသားစုစားဝတ်နေရေးနဲ့ အရိုးကင်ဆာဝေဒနာ ခံစားနေရတဲ့ မိခင်ဖြစ်သူရဲ့ လစဉ်ဆေးကုသစရိတ်အတွက် ထောက်ပံ့ပေးနေရတဲ့အတွက် သီချင်းသီဆိုဖျော်ဖြေရင်း မိခင်ဆေးကုသစရိတ် ရှာဖွေနေသူဖြစ်တယ်လို့ သိရပါတယ်။
Photo- ရိုးရိုးမြင့်ဆွေ