ကရင်ပြည်နယ် မြဝတီမြို့မှာ အာဏာဖီဆန် CDM လှုပ်ရှားမှုမှာပါဝင်တဲ့ အခြေခံပညာ အလယ်တန်းကျောင်းအုပ် ဆရာမတစ်ဦးကို ရဲနဲ့ စစ်တပ်က ဧပြီ ၂၃ ရက် ညနေပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။
မြဝတီမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (ထီးကော်ထော်) ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးဝင်းထိုက်ဟာ အမှတ် ၄ ရပ်ကွက် ကံ့ကော်တစ်ထောင်ဘုရား အနီးက ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်တည်းခိုနေစဉ်မှာ ရဲနဲ့ စစ်တပ်က ကားနဲ့ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
ကရင်ပြည်နယ်အတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ၊ စစ်အာဏာရှင်ဆန့်ကျင် တော်လှန်ရေးဆန္ဒပြပွဲတွေမှာပါဝင်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို စစ်ကောင်စီတပ်နဲ့ရဲတွေက လိုက်လံဖမ်းဆီးနေတာဖြစ်ပါတယ်။