မန္တးလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှာ ဧပြီလ ၂၂ ရက်ညက ပိတ်စွယ် ရပ်ကွက်က ဖမ်းဆီးခံရတဲ့ ပြည်သူဆီက ငွေကျပ် သိန်း ၇၀ ကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ယူဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ညသံပုံးတီးပြီးချိန် ၈ နာရီဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်က နေအိမ်ထဲဝင်ကာ တူဝရီးနှစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်ပြီး ပိုက်ဆံသိန်း ၇၀ ကို တခါတည်း ယူသွားတာလို့ အမည်မဖော်လိုသူဒေသခံတစ်ဦးက ဆိုပါတယ်။
အခုကိစ္စကို လိုင်းပေါ်တင်ရင်လည်း တင်တဲ့သူကို ပစ်သတ်မယ်ဆိုပြီး ပြောတယ်လို့ သိရပါတယ်။ ပိုက်ဆံ သိန်း ၇၀ ကို နေအိမ်ပေါ်တက်ယူဆောင်သွားတာဖြစ်ပြီး အိမ်ဆောက်ဖို့ အတွက် စုထားတဲ့ပိုက်ဆံတွေဖြစ်တယ်လို့ သိရပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ညကင်းလှည့်ချိန် ၈ နာရီနောက်ပိုင်း လမ်းပေါ်ထွက်သူတွေကို ဖမ်းဆီးနေတာဖြစ်ပြီး ဧပြီလ ၂၃ ရက်မှာလည်း ပြည်သူ ၁၃ ဦးကို ဖမ်းဆီးပြီး ညနေခင်းပိုင်းမှာ ၁၀ ဦးကို ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။