Home
မြန်မာသတင်း
အကြမ်းဖက်စစ်ခေါင်းဆောင်ကို ဖမ်းဆီးပေးရန် အင်တာပိုထံ NUG အစိုးရ အကြောင်းကြား
DVB
·
April 22, 2021

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ အပြည်ပြည်ဆိုင်ရာမှုခင်းရဲတပ်ဖွဲ့ (INTERPOL) အထွေထွေအတွင်းရေးမှူးထံသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က  စာပေးပို့ အကြောင်းကြားလိုက်ပါတယ်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဧပြီ ၂၂ ရက်မှာ အကြောင်းကြားစာပေးပို့ခဲ့တာလို့ NUG ကသတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ICJ နဲ့ ICC တရားရုံးတွေထံ တရားစွဲတင်ပို့နိုင်ရေးအတွက် ဧပြီ ၂၄ ရက်နေ့မှာ ကျင်းပမယ့် မြန်မာနိုင်ငံအရေး အာဆီယံ ထိပ်သီးအစည်းအဝေးကိုလာရောက်ချိန်မှာ ဖမ်းဆီးပေးဖို့အတွက် စာပို့လိုက်တာလို့ ဆိုပါတယ်။

ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာပါ  ရခိုင်ပြည်နယ်နဲ့ ရိုဟင်ဂျာအရေး ဖြစ်ရပ်တွေမှာ အပြည်ပြည်ဆိုင်ရာဥပဒေအရ ရာဇဝတ်မှုကျူးလွန်သူတစ်ဦးအဖြစ် စွပ်စွဲခံထားရတာတွေ၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းယူခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေနဲ့ (CDM)မှာ ပါဝင်နေတဲ့ သန်းချီတဲ့ပြည်သူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းနေတာတွေ၊ ပြည်သူ ၇၃၉ ယောက် သတ်ဖြတ်ခံခဲ့ရပြီး CDM လှုပ်ရှားသူများ အပါအဝင် လူပေါင်း ၃၀၀၀ ကျော်ကို ဖမ်းဆီးခံထားရတာတွေ စတာတွေကြောင့် အကြောင်းကြားစာပေးပို့ပြီး ဖမ်းဆီးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

ဧပြီ ၂၄ ရက်နေ့ မင်းအောင်လှိုင်အာဆီယံအစည်းအဝေးသို့ လာရောက်ချိန်မှာ ဖမ်းဆီးနိုင်ဖို့အတွက်  အင်ဒိုနီးရှား ရဲတပ်ဖွဲနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ သတိပေးချက် ထုတ်ပြန်ဖို့နဲ့ လိုအပ်တဲ့ ပံ့ပိုးကူညီတွေ ဆောင်ရွက်ပေးနိုင်ဖို့  အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ ထံ NUG အစိုးရက တောင်းဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူဖြစ်ပြီး ရာဇဝတ်ကောင်၊ အကြမ်းဖက်သမား တစ်ဦးဖြစ်သလို  သူကျူးလွန်ထားတဲ့ အမှုတွေအတွက် ICJ နဲ့  ICC တရားရုံးနှစ်ခုစလုံးမှာ စစ်ဆေးရမှာဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင်စစ်အာဏာသိမ်းပြီးနောက်ပိုင်း နောက်ထပ်ကျူးလွန်ထားတဲ့  လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက်လည်း တရားစွဲဆိုရမှာဖြစ်ကြောင်း ဒါကြောင့်  အင်တာပိုရဲတပ်ဖွဲ့အနေနဲ့  မင်းအောင်လှိုင်ကို အလိုရှိတရားခံပြေးအဖြစ်သတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိ ရဲတပ်ဖွဲတွေထံ အမြင့်ဆုံးအဆင့် သတိပေးချက်ထုတ်ပြန်ပေးဖို့  တောင်းဆိုထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ NUG အစိုးရအဖွဲ့ရဲ့တောင်းဆိုချက်ကို  အပြည်ပြည်ဆိုင်ရာမှုခင်းရဲတပ်ဖွဲ့ (INTERPOL)က ဘယ်လိုတုံ့ပြန်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။  

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရအဖွဲ့ဝင်တွေအားလုံးကို  ပြည်တွင်းက ရဲစခန်းမှာ   အမှုဖွင့်ထားပါတယ်။  

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024