ဖိလစ်ပိုင်သမ္မတနှင့် ထိုင်းဝန်ကြီးချုပ်တို့ အာဆီယံထိပ်သီးအစည်းအဝေး မတက်

ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးဟာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု  အခြေအနေကို အာရုံစိုက်နိုင်ဖို့ အာဆီယံထိပ်သီး အစည်းအဝေးကို တက်ရောက်ဖြစ်မှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဌာနက အတည်ပြုထုတ်ပြန်ပါတယ်။

ဧပြီ ၂၄ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ကျင်းပမယ့်  အာဆီယံထိပ်သီး အစည်းအဝေးပွဲဟာ နိုင်ငံခေါင်းဆောင်အားလုံး စုံညီမတက်ရောက်နိုင်ပေမယ့် ဒီအစည်းအဝေးကို အခိုင်အမာထောက်ခံတယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်သမ္မတရဲ့ကိုယ်စား အစည်းအဝေးတက်ရောက်မယ့် နိုင်ငံခြားရေး ဝန်ကြီး လော့ဆင်ကတဆင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို စိန်ခေါ်ခြောက်လှန့်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ စုပေါင်းအားထုတ်မှုအပေါ် ဖိလစ်ပိုင်နိုင်ငံရဲ့ စိတ်ပိုင်းဖြတ်မှုကို ဖေါ်ပြလိုက်ပါတယ်လို့လည်း ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အလားတူ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကလည် အာဆီယံထိပ်သီး အစည်းအဝေးကို တက်ရောက်မှာ မဟုတ်ဘဲ ကိုဗစ်-၁၉ ကူးစက်မူအခြေအနေက စိုးရိမ်ရတဲ့အတွက် သူ့ကိုယ်စား ဒုတိယဝန်ကြီးချုပ်လည်းဖြစ်  နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပရာမွတ်ဝီနိုင်ကို စေလွှတ်မယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။  

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ဟာ မြန်မာနိုင်ငံအရေးကို စိုးရိမ်ပူပန်နေတဲ့အကြောင်းနဲ့ ဒီပြဿနာဟာ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် စိန်ခေါ်မှုတခုဖြစ်လာနေတယ်ဆိုတာကို အသိအမှတ်ပြုတဲ့အကြောင်း ကြာသပတေးနေ့မနက်မှာ အင်ဒိုနီးရှား သမ္မတကဂျိုကို ဝီဒိုဒိုနဲ့ ဖုန်းဆက်ပြောဆိုခဲ့တယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ တန်နီး ဆန်ဂရတ်ကလည်း အာဆီယံထိပ်သီးအစည်းအဝေးဟာမြန်မာကိစ္စအပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာပြဿနာတွေကို ဆွေးနွေးဖို့ အခွင့်အလမ်းတခုဖြစ်လာနိုင်ကြောင်းနဲ့ မြန်မာနိုင်ငံ အရေးနဲ့ပတ်သက်လို့ လက်ဆုပ်လက်ကိုင်အဖြေတခုပေါ်ထွက်လာဖို့ မျှော်လင့်နေကြတာကို အာဆီယံအဖွဲ့က သိနားလည်ထားတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ဖမ်မင်ချင်းကတော့ လာမယ့်စနေနေ့ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်မယ်လို့ ဗီယက်နမ်နိုင်ငံခြားရေးဌာနက ကြေညာပါတယ်။

ဧပြီလဆန်းပိုင်းက အမျိုးသားညီလာခံကတဆင့် ဝန်ကြီးချုပ်အဖြစ်တင်မြှောက်ခံခဲ့ရတဲ့ ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်ချင်းအတွက် ပထမဆုံးနိုင်ငံတကာ သံတမန်ရေး ခရီးစဉ်ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားတဲ့ ဗီယက်နမ်နိုင်ငံဟာ မြန်မာနိုင်ငံတွင်းက အကြမ်းဖက်မှု သေဆုံးမှုတွေအတွက် စိုးရိမ်နေကြောင်းနဲ့ အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းညှိနိုင်းဖြေရှင်းပေးဖို့ အဆင်သင့်ရှိကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ဖူးပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ  အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံးမှာ ကျင်းပမယ့် အစည်းအဝေးမှာ မြန်မာနိုင်ငံပြဿနာကို အဓိကထား ဆွေးနွေးဖို့ ရှိပြီး မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်မယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။

Photo Credit - http://asean.dla.go.th

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up