မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နာရီစင်နားမှာ ဧပြီလ ၂၂ ရက် ဒီနေ့ မနက် ၁၁ နာရီ ၁၅ မိနစ်လောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူသေဆုံးမှု မရှိပေမဲ့ မှန်ကွဲစတွေစင်ပြီး ထိခိုက်ဒဏ်ရာရသူ တချို့ရှိခဲ့တယ်လို့ မျက်မြင် တစ်ဦးက ပြောပါတယ်။
"ဒိန်း ဒိန်း ဒိန်း ဆို သုံးချက်လောက် ကွဲတယ်။ မှန်စ စင်မိတဲ့သူလောက်ပဲ။ ခြေထောက်မှာ နည်းနည်း လောက်ပါပဲ။ ပွတ်ရှဒဏ်ရာလောက် နည်းနည်းပဲ။ အဲနားမှာ ဖရဲသီးထိုင်ရောင်းနေတာလား မသိဘူး။ အဲမိန်းမတစ်ယောက်က နဖူးကို အစလေး ထိတယ်ပေါ့။ မှန်စ လေးထိတယ်။ အဲလောက်ပါပဲ”။
တခြား ဒေသခံ တစ်ဦးကလည်း "နာရီစင်က ရဲကင်းရှိတဲ့နားဆိုင်ကယ်နဲ့ ပစ်ချသွားတယ်။ နာရီစင်ကြီးတည့်တည့်။ နာရီစင်နားကို ပစ်ချတာ" လို့ ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် နာရီစင်ဝင်ပေါက်ရှိ ထိုင်ခုံတစ်လုံး၊ တံခါးမ ကျည်းဘောင်အပေါ်က မှန် နှစ်ချပ်နဲ့ အနီးနားက ဆိုင်ခန်းမှန်တွေ ကွဲသွားခဲ့တယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာကို တာဝန်ရှိသူတွေ လာရောက်စစ်ဆေးကာ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဆက်လက်စုံစမ်းနေဆဲ ဖြစ် ကြောင်း သိရပါတယ်။
လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ကစ မူဆယ်မြို့အတွင်း နယ်မြေနဲ့ ပြည်သူ့လုံခြုံရေးအတွက် ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက နေ့စဉ်ကင်းလှည့်နေကာ လုံခြုံရေးတိုးမြှင့်ထားတာလည်း ဖြစ်ပါတယ်။