Home
မြန်မာသတင်း
ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင်ပါမည်ဟု ပထမဆုံး CDM ဗိုလ်ကြီးပြော
DVB
·
April 22, 2021

အမျိုးသားညီညွတ်ရေးအစိုးရ NUGက ဖွဲ့စည်းမယ့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ ပါဝင်ပြီး ပြည်သူနဲ့အတူ  တိုက်ပွဲဝင်သွားမယ်လို့ တပ်တွင်းပထမဆုံး အာဏာဖီဆန် CDMလုပ်ခဲ့သူ ဗိုလ်ကြီး ညီသုတက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားတွေပါဝင်တဲ့ NUG ကို ဖွဲ့စည်းလိုက်ပြီးနောက်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ကြေညာထားတာပါ။ 

အဲဒီကာကွယ်ရေးတပ်မတော်ဟာ အနာဂတ်ဖက်ဒရယ်တပ်မတော်ရဲ့ အစိတ်အပိုင်းလည်း ဖြစ်လာမယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒီတော်လှန်ရေးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာပါဝင်ပြီး ပြည်သူနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့ ဗိုလ်ကြီးညီသုတကပြောပါတယ်။

“ကျနော်ဟာ ပြည်သူတစ်ယောက်ဖြစ်လို့ ပြည်သူနဲ့အတူ ပြည်သူ‌တွေလိုက်ပါတဲ့ တော်လှန်ရေး ရေစီးကြောင်းမှာ လိုက်ပါပြီးစီးမျောမှာပါ’’

လက်ရှိ တပ်ပိုင်းခေါင်းဆောင်တွေဟာ ပြည်သူထောင်နဲ့ချီ သောင်းနဲ့ချီပြီး သေဆုံးရင်တောင် လက်လျော့မယ့်ပုံ မရှိဘူးလို့ဆိုပါတယ်။

ဒါကြောင့် လက်နက်ကိုင်လမ်းစဉ်ဟာ နိုင်ငံရေးအရ နောက်ဆုံးလိုအပ်ချက်ရှိလာပြီး ပြည်သူတွေ ပေးဆပ်ရတာနဲ့တန်အောင် ပြင်ဆင်မှုအားကောင်းကောင်းနဲ့သွားနိုင်ဖို့ လိုတယ်လို့ ဗိုလ်ကြီး ညီသုတက ပြောပါတယ်။

လက်ရှိ တပ်မတော်နဲ့ပတ်သက်ပြီး ပြည်သူရဲ့ ယုံကြည်မှု အားကိုးမှု လေးစားမှုက အကြီးအကျယ်ကျဆင်းနေပြီဖြစ်တာမို့  အဲဒါတွေ မရှိရင် တပ်မတော်သားရဲ့ ဂုဏ်သိက္ခာဆိုတာ မရှိတော့ဘူးလို့လည်း သူက ဆိုပါတယ်။

“အခုဆိုရင် ပြည်သူတွေရဲ့ ယုံကြည်မှု၊ အားကိုးမှု၊ လေးစားမှုက အကြီးအကျယ်ကျ ဆင်းနေပါပြီ။ လက်ရှိအချိန်မှာ ရပ်တန့်လိုက်မယ်ဆိုရင်တောင်မှ ပြည်သူတွေကို ဆပ်စရာ အကြွေးတွေက အများရှိပါသေးတယ်။ မရပ်တန့်ဘဲနဲ့ ဆက်ပြီးတော့ သွားနေမယ်ဆိုရင်တော့ ပြည်သူရဲ့ ဒဏ်ခတ်မှုကို တချိန်မှာ မလွဲမသွေ ခံရပါလိမ့်မယ်”

ဒါကြောင့် တပ်မတော်သားတွေအနေနဲ့ ဘာကြောင့် တပ်မတော်မှာ ရှိနေတာလဲဆိုတာ ကိုလည်း သူက မေးခွန်းထုတ်လိုက်ပါတယ်။

ဗိုလ်ကြီးညီသုတဟာ တပ်မတော်သား အရာရှိတွေထဲ ပထမဆုံး CDMလှုပ်ရှားမှုမှာ ပါဝင်လာသူပါ။

ဗိုလ်ချုပ်ရဲ့ လမ်းစဉ်ကို ယုံကြည်သူဖြစ်တာကြောင့် ခုလိုအကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ပြည်သူကို တောင်းပန်တယ်လို့လည်း ဗိုလ်ကြီးညီသုတက ပြောပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်တပ်ရဲ့ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် အရပ်သားပြည်သူ ၇၀၀ ကျော် အသက်ဆုံးရှုံးထားပြီး အကျဉ်းကျခံနေရသူ ၃၀၀၀ ကျော်ရှိသလို အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ အများအပြားလည်းရှိနေပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024