ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်က ကျောင်းသား တစ်ဦးဖြစ်တဲ့ ကိုအဏ္ဏဝါမောင်မောင်ကို ရဲနဲ့ စစ်တပ်က နေအိမ်မှာ လာရောက်ဖမ်းဆီးစဉ် မတွေ့တဲ့အတွက် မိခင် ဖြစ်သူကို ဖမ်းဆီးသွားပါတယ်။
ဧပြီ ၂၁ ရက် မနက် ၈ နာရီခွဲလောက်မှာ ရမ်ပူရပ်ကွက်ရှိ နေအိမ်မှာ လာရောက်ဖမ်းဆီးရာ မတွေ့တဲ့အတွက် သူ့ရဲ့ မိခင်ဒေါ်မိမိဆန်း အသက် ၅၀ ဝန်းကျင်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကိုအဏ္ဏဝါရဲ့သူငယ်ချင်းဖြစ်သူက ပြောပါတယ်။
“လာဖမ်းတာ သူကမရှိနေဘူး သူ့အမေကို ဖမ်းခေါ်သွားပြီးမှ လူချင်းလာလဲပါလို့ပြောခဲ့တာ သူ့အစ်ကိုကိုလည်း လိုက်ရှာနေကြတာ”။
ကိုအဏ္ဏဝါမောင်မောင်ရဲ့ အစ်ကိုဖြစ်သူဟာ မြစ်ကြီးနားမြို့၊မြို့သစ်ရပ်ကွက်ရှိ OVIဖုန်းဆိုင်မှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ဒီမနက် ၉နာရီကျော်က သူ့ကို ရဲက လာရောက်ဖမ်းဆီးစဉ်မှာလည်း ဖမ်းမမိလို့ ဆိုင်ဝန်ထမ်း ၃ ယောက်ရဲ့ ဖုန်းတွေကို စစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့က စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့သပိတ်မှာ ပါဝင်ဆန္ဒပြသူတွေကို ရဲနဲ့ စစ်တပ်က လိုက်လံဖမ်းဆီးနေတာဖြစ်ပါတယ်။
ဒီနေ့မနက်ပိုင်းမှာပဲ မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ယာယီဥက္ကဋ္ဌ ကိုမျိုးထက်နိုင်လင်းကို ရှမ်းစုတောင်ရပ်ကွက်ရှိ သူ့ရဲ့ နေအိမ်မှာ ရဲနဲ့ စစ်တပ်က လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။