မြန်မာအာဏာသိမ်းစစ်တပ်နှင့် တိုက်ရိုက် တွေ့ဆုံဆွေးနွေးရန် ဘန်ကီမွန်းတိုက်တွန်း

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အကြမ်းဖက်မှုတွေ တိုးနေတာကို ဟန့်တားဖို့အတွက်  မြန်မာစစ်တပ်နဲ့ တိုက်ရိုက် တွေ့ဆုံဆွေးနွေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက လက်ရှိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂုတားရပ်စ်ကို  ဧပြီ ၁၉ ရက်က တိုက်တွန်းလိုက်ပါတယ်။ 

အရှေ့တောင် အာရှနိုင်ငံတွေအနေနဲ့ကလည်း  မြန်မာ့အရေး ဝရုန်းသုန်းကား အခြေအနေကို ပြည်တွင်းရေးအဖြစ် မပယ်ချသင့်ဘူးလို့လည်း ဘန်ကီမွန်းက ပြောပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးသံတမန် ခရစ္စတင်းဘာဂျီနာဟာ   စစ်တပ်နဲ့ ဆက်သွယ်ခဲ့ပေမယ့် စစ်တပ်က သူ့ကို မြန်မာပြည် လာရောက်ခွင့်မပြုခဲ့ပါဘူး။ 

လက်ရှိအခြေအနေအရ အတွင်းရေးမှူးချုပ် ကိုယ်တိုင်က  မြန်မာစစ်တပ်နဲ့ တိုက်ရိုက်ညှိုနှိုင်းသင့်ကြောင်း ဒါမှ အကြမ်းဖက်မှု အရှိန်တိုးလာတာကို ဟန့်တားနိုင်မယ်လို့ ဘန်ကီမွန်းက ကုလသမ္မဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောပါတယ်။ 

အဖွဲ့ဝင် ၁၀ နိုင်ငံရှိတဲ့ အရှေ့တောင် အာရှနိုင်ငံများအသင်း အာဆီယံကလည်း မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေအတွက် နည်းလမ်းရှာဖို့ ကြိုးစားနေခဲ့ပါတယ်။ 

အာဆီယံဟာ မြန်မာ့လက်ရှိ အခြေအနေက အင်မတန်စိုးရိမ်စရာ ဖြစ်နေလို့ ပြည်တွင်းရေး သက်သက်လို့ မမှတ်ယူနိုင်တော့ဘူးဆိုတာ မြန်မာစစ်တပ်ကို ရှင်းအောင် ပြောရမယ်လို့ ဘန်ကီမွန်းက ပြောပါတယ်။

စစ်တပ်က အရပ်သားတွေအပေါ် လူ့အခွင့်အရေး ကျူးလွန်ဖောက်ဖျက်ပြီး လူသေစေလောက်တဲ့အထိ အင်အားသုံးနေတာဟာ အာဆီယံ ပဋိညာဉ်နဲ့ မကိုက်ညီဘူး၊ ဒီလုပ်ရပ်တွေဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာ ရှင်းနေတယ်။ ဒေသတွင်း တည်ငြိမ် လုံခြုံ ဘေးကင်းရေးကိုလည်းခြိမ်းခြောက်နေတယ်လို့ ဘန်ကီမွန်းက ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာအရေး ကြေညာချက် ထုတ်တာထက် ပိုပြီး တစုတစည်းတည်း အရေးယူဆောင်ရွက်ဖို့ကိုလည်း မစ္စတာဘန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုက်တွန်းခဲ့ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ  စတက်ဖနီ ဒူဂျာရစ်ခ်ကတော့ “ ဂုတားရပ်စ်ဟာ  မြန်မာ့အရေး အင်မတန် တက်တက်ကြွကြွ ပါဝင်နေခဲ့တာ အချိန် အတော်ကြာပြီ၊ သူနဲ့ အထူးသံတမန်တို့ဟာ အမြဲအသင့် ဖြစ်နေတယ်. အကြမ်းဖက်မှု အဆုံးသတ်တာကို ကျနော်တို့ မြင်ချင်လှပြီ” လို့  ပြောပါတယ်။ 

ဒါ့အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းများနဲ့ အကြီးတန်း အရာရှိများအသင်း ဒုဥက္ကဋ္ဌ ဘန်ကီမွန်းဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို မြန်မာနိုင်ငံအတွင်း အကြပ်အတည်းတွေကို ရင်ဆိုင်ရာမှာ တိကျပြတ်သားတဲ့ ခြေလှမ်းတွေကို လှမ်းဖို့နဲ့ ဖွဲ့စည်းပုံ  အခြေခံဥပဒေအရ အုပ်ချုပ်ရေးကိုပြန်လည်ဖော်ဆောင်  ထောက်ခံဖို့ ဧပြီ ၂၀ ရက်မှာ ဆော်သြလိုက်ပါတယ်။ 

ကုလသမဂ္ဂနဲ့ ဒေသတွင်း အဖွဲ့အစည်းတွေအကြား  ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ချက်နဲ့ ပတ်သက်တဲ့ အဆင့်မြင့်ဆွေးနွေးပွဲအတွင်း ဘန်ကီမန်းက ခုလို ပြောလိုက်တာလို့ the elders အဖွဲ့ကြီး ဧပြီ ၂၀ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အရပ်သားတွေကို လူသေတဲ့အထိ ရက်ရက်စက်စက် အင်အားသုံးတာ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ထောင်ချီတဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးထိန်းသိမ်းထားတာကို ပြစ်တင်ရှုတ်ချတယ်လို့လည်း ဘန်ကီမွန်းက ပြောခဲ့ပါတယ်။ 

မြန်မာ့ အကြပ်အတည်းကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းရေးထောက်ခံပြီး တင်းမာမှု ဖြေလျှော့ဖို့ ကြိုးစားရေးအတွက်ဘက်အားလုံးက ကိုယ်စားလှယ်တွေနဲ့တွေ့ဖို့ မြန်မာပြည်ကို သွားရောက်လည်ပတ်ဖို့သူ မျှော်လင့်ထားခဲ့ပေမယ့် စစ်အာဏာပိုင်တွေက သူ့ရဲ့ တောင်းဆိုချက်ကို ငြင်းခဲ့တယ် လို့ ဘန်ကီမွန်းက ပြောပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အာဆီယံနဲ့ ပိုကျယ်တဲ့ ဒေသတွင်းမှာ တစုတစည်းတည်း ညှိနှိုင်းအားထုတ်ဖို့ လိုအပ်တယ်။ ဒါမှသာ ကပ်ဆိုးကြီးကို ရှောင်ကွင်းပြီး မြန်မာနိုင်ငံကို ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ် ရောက်အောင် ကူညီနိုင်မယ်လို့ ဘန်ကီမွန်းက ပြောဆိုခဲ့ပါတယ်။

ကိုးကား- Reuters/ The Elders

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up