စစ်ကိုင်း၊ ခင်ဦးမြို့နယ် မကျီးတုံရွာနဲ့ သံဘိုရွာက ရွာသား ၄ ယောက်ကို ဧပြီ ၂၀ ရက် နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ သိရပါတယ်။
မကျည်းတုံရွာက သပိတ်အမြဲလိုက်တဲ့ ရွာသား ကိုရန်လင်းအောင်နဲ့ ကိုသိန်းဇော်ဝင်းကို အကြမ်းဖက် ခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး ရွာက သပိတ်ခေါင်းဆောင်အိမ်ကိုလည်း ဝင်ရောက်ရှာဖွေပေမဲ့ မတွေ့တာကြောင့် ဘတ်ထရီအိုးနဲ့ အသံချဲ့စက်ပစ္စည်းတွေကို အတင်းလုယူသွားတယ်လို့ သိရပါတယ်။
စစ်သားနဲ့ရဲတွေက ထင်ရာလျှောက်လုပ်တာကို ဒီတိုင်းခံနေရတာဖြစ်ပြီး ရွာက ဒလံတွေ ကြောင့် ပုဂ္ဂိုလ်ရေးကိစ္စနဲ့ပတ်သက်ပြီး အဖမ်းခံနေရတယ်လို့ မကျည်းတုံ ရွာခံတဦးက ဆိုပါတယ်။
ဒါ့အပြင် သံဘိုရွာမှာ မွန်းတည့် ၁၂ နာရီဝန်းကျင်က ရဲနဲ့စစ်သားတွေက သေနတ်ဖောက် ဝင်ရောက်လာပြီး ရွာကင်းတဲထဲက ကိုမိုးကျော်ကို ရုတ်တရက် ဖမ်းဆီးခေါ်ဆောင်သွားသလို လူ မရှိတဲ့ ရွာအုပ်ချုပ်ရေးမှူးဟောင်းအိမ်မှာလည်း တံဆိပ်တုံး၊ စာရွက်စာတမ်းတွေနဲ့ ရွာပိုင် ကြေးမောင်းကြီးကို ယူသွားတယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးမှူးအိမ် မလှမ်းမကမ်းမှာနေတဲ့ ရွာသား ကိုမြင့်မောင်ကိုလည်း မြင်တာနဲ့ အကြမ်းဖက် ဖမ်းဆီးသွားတယ်လို့ ရွာခံတွေက ပြောပါတယ်။
အခုလို ဖြစ်ရပ်မျိုးကို နှစ်ရွာလုံးမှာ အခုမှ ပထမဆုံးကြုံရတာဖြစ်တယ်လို့ သိရပါတယ်။
ခင်ဦးမြို့မှာ လွန်ခဲ့တဲ့ ၁၅ ရက်လောက်က စစ်တပ်ချပြီးကတည်းက ရွာတွေမှာ သပိတ်စစ်ကြောင်း ထွက်တာတွေ နေ့စဉ်မလုပ်ကြဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။